(ငြိမ်းချမ်းရေး) ဇူလိုင် ၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး LDU ဘက်မှ ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် စုပေါင်းဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ချင်း၏ လိုလားချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းနိုင်ရေးအတွက် Bilateral ဆွေးနွေးမှုများ ဆောင်ရွက်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းအပြင် မည်သည့်နည်းလမ်းဖြင့်မဆို ငြိမ်းချမ်းရေးဆီသို့ ဆက်လက် လျှောက်လှမ်းနိုင်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် အဖွဲ့အစည်းအားလုံးအတွက် လမ်းဖွင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်က နိုင်ငံတော်အစိုးရနှင့် NSPCC ၏ ကြိုတင်ကန့်သတ်ချက်မရှိသော ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြိုဆိုကြောင်း၊ ပွင့်လင်းဆွေးနွေးမှုများကို အကောင်အထည်ဖော်နေမှုကို မြင်တွေ့ရကြောင်းနှင့် မိမိတို့အနေဖြင့်လည်း ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် လားဟူတိုင်းရင်းသားများ၏ အနာဂတ်အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်နှင့် ရေရရှိရေး၊ နည်းပညာပံ့ပိုးမှုများနှင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်မှု မရှိစေရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို တည်ဆဲဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
နောက်ဆုံးတွင် နှစ်ဖက် ဆွေးနွေးချက်များကို မှတ်တမ်းတင်ကာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Telegram- t.me/positiveanglenews
#PAN