မော်တော်ယာဉ်အခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရန် VAVS စနစ် စတင်အကောင်အထည်ဖော်

(ပြည်တွင်း) ဇူလိုင် ၁၉

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို တာဝန်ရှိစွာ ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ထိုသို့

ထိုသို့သတ်မှတ်ထားခြင်းနှင့်အညီ မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူများအနေဖြင့် မိမိဝယ်ယူခဲ့သည့် ယာဉ်နှင့်ပတ်သက်၍ အသုံးပြုခဲ့သော ငွေကြေး၏ ဝင်ငွေရလမ်းကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနများသို့ တင်ပြရှင်းလင်းရမည်ဖြစ်သည်။

မိမိ၏ ဝင်ငွေရလမ်းကို သက်သေပြနိုင်ခြင်း မရှိပါက အသုံးပြုခဲ့သည့် ငွေကြေးအပေါ် မူတည်၍ နှစ်စဉ် ပြည်ထောင်စုအခွန်ဥပဒေတွင် သတ်မှတ်ထားသော အခွန်နှုန်းထားများဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အခွန်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အခွန်ထမ်းပြည်သူများအနေဖြင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်များ၊ အရောင်းအဝယ်စာချုပ်များနှင့် ကိုယ်ရေးအချက်အလက်များပါဝင်သည့် စာရွက်စာတမ်းများကို ယူဆောင်၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနရုံးများသို့ လူကိုယ်တိုင် သွားရောက်ဆောင်ရွက်ရသည်။ထို့အပြင် ကျသင့်သော အခွန်ငွေများကိုလည်း မြန်မာ့စီးပွားရေးဘဏ်သို့ သီးသန့်သွားရောက် ပေးသွင်းရပြီး၊ ငွေသွင်းချလန် ရရှိပြီးနောက် အခွန်ရုံးသို့ ပြန်လည်သွားရောက်ကာ “မော်တော်ယာဉ် ရောင်းချ/ဝယ်ယူမှုအပေါ် အခွန်စိစစ်ခြင်း ပုံစံ (ပုံစံ-၁)” ကို ထုတ်ယူရကြောင်း သိရသည်။

ယင်းပုံစံ (ပုံစံ-၁) ကို ရရှိမှသာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ် အမည်ပြောင်းခြင်းနှင့် မှတ်ပုံတင်ခြင်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ထိုကဲ့သို့ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အခွန်ထမ်းပြည်သူများအနေဖြင့် အနည်းဆုံး နှစ်ကြိမ်ထက်မနည်း ရုံးသို့ သွားလာရခြင်းကြောင့် အချိန်ကုန်ကျမှု၊ လူပင်ပန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တချို့က လူကိုယ်တိုင် မသွားနိုင်သဖြင့် အကျိုးဆောင်များကို အပ်နှံရခြင်းကြောင့် ထပ်ဆောင်း ကုန်ကျမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလာသည့် ခေတ်အလိုက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းပြည်သူများအတွက် အဆင်ပြေချောမွေ့စေရန် “မော်တော်ယာဉ်တန်ဖိုး အလိုအလျောက် စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System – VAVS)” ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။VAVS စနစ်သည် မော်တော်ယာဉ် ဝယ်ယူ၊ ရောင်းချခြင်းနှင့် အမည်ပြောင်းခြင်းဆိုင်ရာ အခွန်စိစစ်မှုများကို အွန်လိုင်းမှတစ်ဆင့် မိမိကိုယ်တိုင် လွယ်ကူစွာ တွက်ချက်နိုင်စေပြီး၊ ကျသင့်အခွန်များကိုလည်း အီလက်ထရောနစ်နည်းလမ်းဖြင့် ချက်ချင်းပေးဆောင်နိုင်သည့် စနစ်တစ်ခုဖြစ်သည်။

လက်ရှိတွင် ပထမအဆင့်အဖြစ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးသော မော်တော်ယာဉ်များကို ပြည်တွင်းတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဝယ်ယူရောင်းချရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။အခွန်ထမ်းပြည်သူများအနေဖြင့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာ သို့မဟုတ် လက်ကိုင်ဖုန်းများမှတစ်ဆင့် သက်ဆိုင်ရာ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး အကောင့်မဖွင့်ဘဲ တစ်ကြိမ်တည်း အသုံးပြုနိုင်ခြင်း သို့မဟုတ် ကိုယ်ပိုင်အကောင့်ဖွင့်၍ အသုံးပြုနိုင်ခြင်းတို့ဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် အခွန်ငွေပေးဆောင်ရာတွင်လည်း အီလက်ထရောနစ်ပေးချေမှုစနစ်များမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ယင်းစနစ်အကောင်အထည်ဖော်မှုကြောင့် အချိန်ကုန်ကျမှုနှင့် လူပင်ပန်းမှုများကို လျော့နည်းစေမည်ဖြစ်ကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN