(ပြည်တွင်း) ဇူလိုင် ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့နှင့်အတူ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းခန်းမ၌ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။ထို့နောက် ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ နှစ်ရှည်သီးနှံပင်များနှင့် ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဆိုက်ခေါင်) သို့ သွားရောက်ကာ သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှုများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် ဥစားကြက်မွေးမြူရေးခြံလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရိက္ခာစတိုဆောင်နှင့် ဥစားကြက်မွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဇူလိုင် ၁၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လွိုင်ကော်) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့အပြင် နောင်ယား (က) ရပ်ကွက်ရှိ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စက်မှုဇုန်-လင်ဖုံလေး ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် လွယ်တမူ-ဖားတီမော ကျေးရွာချင်းဆက်လမ်း ၆ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဇူလိုင် ၁၈ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပင်းတယမြို့နယ် သစ်အယ်ပင်-ထယ်သွန်းလမ်း ၁၉၈၅ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ရွှေပုထိုးကျေးရွာ (တောင်ပိုင်း-၁) နှင့် (တောင်ပိုင်း-၂) တို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Telegram….https://t.me/positiveanglenews#PAN