(နိုင်ငံတကာ) ဇူလိုင် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ (ခ) လင်ကျစ်မြို့ရှိ ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက်နှင့် ရန်နီအမျိုးသားစိမ့်တောဥယျာဉ်တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက် (Southeast Tibet Museum) သို့ ရောက်ရှိရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်၏ နောက်ခံသမိုင်းကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ လူမျိုးစုအလိုက် ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ ငွေထည်ပစ္စည်းများ၊ လူမျိုးစုများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးတမ်းများ၊ အားကစားနည်းများနှင့် သမိုင်းဖြစ်စဉ်များကို အများပြည်သူလေ့လာနိုင်ရေး ပြသထားသည့် ပြခန်းများအကြောင်း ရှင်းလင်းပြသခဲ့ကြသည်။
ထိုသို့ ရှင်းလင်းပြသမှုများအပေါ် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက်သည် တိဘက်ဒေသအရှေ့တောင်ပိုင်း၏ သမိုင်း၊ ယဉ်ကျေးမှု၊ လူမျိုးစုဓလေ့ထုံးတမ်းများ၊ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝဂေဟစနစ်ဆိုင်ရာ အချက်အလက်များကို စုစည်းပြသထားသည့် အထင်ကရပြတိုက်တစ်ခုဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ညင်ချီ (ခ) လင်ကျစ်မြို့ရှိ ရန်နီအမျိုးသားစိမ့်တောဥယျာဉ်သို့ သွားရောက်ခဲ့ရာ စိမ့်တောတာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနှင့် ရေဝေရေလဲဒေသများ စီမံခန့်ခွဲရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဂေဟစနစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး သဘာဝလေ့လာရေးလမ်းကြောင်းများ၊ ရှုခင်းကြည့်စင်များ၊ ယာလွန်နံဘို (Yarlung Tsangpo) မြစ်နှင့် သဘာဝရှုခင်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ရန်နီအမျိုးသားစိမ့်တောဥယျာဉ်သည် ယာလွန်နံဘိုမြစ်ကမ်းတစ်လျှောက်တွင် တည်ရှိပြီး မြင့်မားသောတောင်တန်းများ၊ စိမ်းလန်းစိုပြေသောသစ်တောများ၊ ရေစိုမြေများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို သဘာဝအတိုင်း ထိန်းသိမ်းထားသည့် ထင်ရှားသော ဂေဟစနစ်နယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဇူလိုင် ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တုံ့ချန်းပန်းဈေးကွက်သို့ သွားရောက်ခဲ့ပြီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေ၊ ပန်းမန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်များ၊ ပန်းလေလံတင်ရောင်းချသည့်စနစ်၊ အီလက်ထရောနစ်ကုန်သွယ်မှုစနစ်နှင့် နိုင်ငံတကာသို့ ပန်းမန်တင်ပို့နေမှုများကို လေ့လာခဲ့သည်။
တာဝန်ရှိသူများက ပန်းအရောင်းပြခန်းများ၊ ပန်းလေလံတင်ခန်းမ၊ ပန်းအရည်အသွေးစစ်ဆေးရေးဌာန၊ ထုတ်ပိုးရေးလုပ်ငန်းများ၊ ပန်းမန်လုပ်ငန်းတွင် အသုံးပြုနေသည့် ခေတ်မီနည်းပညာများ၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုစနစ်များနှင့် ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြသရာ ဒုတိယသမ္မတက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တုံ့ချန်းပန်းဈေးကွက်ကို ၁၉၉၈ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ပန်းခင်းဧရိယာ ဧက ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါဈေးကွက်သည် အာရှတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယအကြီးဆုံး ပန်းလက်လီ/လက်ကား ရောင်းဝယ်ရေးဈေးကွက်ဖြစ်ပြီး နှင်းဆီ၊ လီလီ၊ ကာနေးရှင်း၊ သစ်ခွနှင့် အခြားပန်းမျိုးစုံကို နေ့စဉ်ရောင်းဝယ်လျက်ရှိကာ တရုတ်နိုင်ငံအပြင် အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပနှင့် အခြားနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
Telegram- t.me/positiveanglenews
#PAN