မြန်မာနိုင်ငံက ဟိမဝန္တာဒေသ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

(နိုင်ငံတကာ) ဇူလိုင် ၁၈

မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဟိမဝန္တာဒေသဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတက ယခုဖိုရမ်သည် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင် (KMGBF) ၏ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ပံ့ပိုးပေးမည့် ဟိမဝန္တာဒေသတစ်လျှောက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော အခမ်းအနားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်အသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ပေါင်းများစွာ မြှင့်တင်ဆောင်ရွက်လာခဲ့ကြောင်း၊ ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခုအဖြစ် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီတို့အကြား ဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးစီမံကိန်းကို ထောက်ပြပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအတွင်း နှစ်ဖက်နိုင်ငံမှ သုတေသီများနှင့် သိပ္ပံပညာရှင်များသည် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ပူးတွဲသုတေသနလုပ်ငန်းများကို အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် အလေးထားဆောင်ရွက်ခဲ့ကြပြီး အပင်၊ ငါး၊ ပင့်ကူနှင့် ပုစွန်မျိုးစိတ်သစ် အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အတူ တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာဗဟိုဌာန (ICIMOD) ၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် အထောက်အထားအခြေပြု ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ဟိမဝန္တာဒေသရှိ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံနည်းကျသုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတက နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာ မူဝါဒများ၊ မူဘောင်များနှင့် မဟာဗျူဟာများကို အကောင်အထည်ဖော်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းလုပ်ငန်းများကို ကျယ်ပြန့်သောကဏ္ဍစုံချဉ်းကပ်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သဘာဝအခြေခံသော ချဉ်းကပ်မှုများဖြင့် ဟိမဝန္တာဒေသတစ်လျှောက် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများကို ဖြေရှင်းနိုင်ရန် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ရေရှည်တည်တံ့စွာ အသုံးချခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူအားလုံးပါဝင်သည့် ထိရောက်သော လက်တွေ့လုပ်ဆောင်ချက်များဆီသို့ ကူးပြောင်းဖော်ဆောင်သွားရန် တိုက်တွန်းလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယသမ္မတက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများမှ ရရှိလာမည့် အပြန်အလှန်အကျိုးကျေးဇူးများကို အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်သွားရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ယခုဖိုရမ်သည် လူသားမျိုးနွယ်များနှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှုကို ခိုင်မာစေပြီး ဟိမဝန္တာဒေသတစ်လျှောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ဝန်ကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များနှင့် အသင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အမှာစကားများ ပြောကြားခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယခုဖိုရမ်ကျင်းပခြင်းအားဖြင့် ဟိမဝန္တာတောင်တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံများအကြား ပူးတွဲပါဝင်ဆောင်ရွက်မှုများမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Telegram- t.me/positiveanglenews

#PAN