(ပြည်တွင်း) ဇူလိုင် ၁၇
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ရုံးအမှတ် (၃၉) အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ ပင်လယ်ကမ်းရိုးတန်းနှင့် သက်ဆိုင်သော ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးညိုစောက ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် စားနပ်ရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အရင်းအမြစ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယင်းသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီ စီမံခန့်ခွဲခြင်းဖြင့် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များ ရရှိအောင် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ဒုတိယသမ္မတက ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများအနေဖြင့် တရားမဝင်ငါးဖမ်းဆီးမှု လျော့နည်းစေရေးအတွက် Vessel Monitoring System (VMS) စနစ် အသုံးပြုခြင်း၊ ငါးမဖမ်းရရာသီနှင့် ဧရိယာများ သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ရေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေရေးဆွဲခြင်း၊ သုတေသနနှင့် ပညာရေးကဏ္ဍများ မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ကမ်းရိုးတန်းဒေသများတွင် ပလတ်စတစ်စီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ဒီရေတောများ တိုးချဲ့ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒုတိယသမ္မတက ၂၀၂၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း (Integrated Coastal Management – ICM) ကို အခြေခံ၍ အစိမ်းရောင်စီးပွားရေး (Green Economy)၊ ပင်လယ်ကမ်းရိုးတန်းဒေသဆိုင်ရာ အပြာရောင်စီးပွားရေး (Blue Economy) နှင့် ပတ်လည်စီးပွားရေး (Circular Economy) အယူအဆများကို ပေါင်းစပ်ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်နိုင်မှသာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီဝင်များအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းရန်နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို အစည်းအဝေးတွင် တင်ပြဆွေးနွေးရန် တိုက်တွန်းခဲ့သည်။
အစည်းအဝေးတွင် ပင်လယ်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသခဲ့ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် ပတ်သက်၍ ဌာနအလိုက်၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ လိုအပ်သည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Telegram – t.me/positiveanglenews
#PAN