အီရန်ကို (၇) ရက်ဆက်တိုက် အမေရိကန် တိုက်ခိုက်၊ စစ်ဆင်ရေးအပြည့်ဖြင့် တုံ့ပြန်မည်ဟု အီရန် သတိပေး 

(နိုင်ငံတကာ) ဇူလိုင် ၁၈                              

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများမှာ မြင့်တက်လာနေသည်။ အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအား (၇) ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း စစ်ဆင်ရေးအပြည့်ဖြင့် ပြန်လည်တုံ့ပြန်မည်ဟု ပြင်းထန်စွာ သတိပေးလိုက်သည်။            

     အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ အီရန်၏ စစ်ရေးစွမ်းရည်များကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများကို ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ စနေနေ့အစောပိုင်းတွင် အီရန်အလယ်ပိုင်း Yazd မြို့နှင့် တောင်ပိုင်းရှိ Sirik မြို့အပါအဝင် ပြည်နယ်အချို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရသည်။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်တောင်ပိုင်းရှိ တံတားများနှင့် ရထားလမ်းများ၊ အရေးကြီးသည့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။             

    အီရန်အမြင့်ဆုံးခေါင်းဆောင်၏ အကြံပေး ဗိုလ်ချုပ်ကြီး Mohsen Rezaei က အမေရိကန်အနေဖြင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ပါက အီရန်သည် “စစ်ဆင်ရေးအပြည့်နှင့် လုံးဝဖျက်ဆီးပစ်မည့်” အဆင့်သို့ ကူးပြောင်းသွားမည်ဟု သတိ ပေးခဲ့သည်။               

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ဘာရိန်းရှိ အမေရိကန်၏ ဒရုန်းသိုလှောင်ရုံကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။ ထို့​ပြင် အီရန်က ဒေသတွင်းရှိ အမေရိကန်နှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုများသာမက ပင်လယ်ကွေ့နိုင်ငံများရှိ ရေချိုထုတ်စက်ရုံများနှင့် လျှပ်စစ် ဓာတ်အားပေးစက်ရုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ ကူဝိတ်နိုင်ငံ၏ ရေနှင့် လျှပ်စစ်စက်ရုံတစ်ခု တိုက်ခိုက်ခံရမှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

      စစ်ပွဲမှာ ပင်လယ်ကွေ့ဒေသ၏ ရေချိုထုတ်စက်ရုံများကို ပစ် မှတ်ထားလာခြင်းမှာ အလွန်အန္တရာယ်ကြီးမားသည်။ ပင်လယ် ကွေ့နိုင်ငံများသည် ရေချိုရရှိရေးအတွက် ယင်းစက်ရုံများအပေါ် မှီခိုနေရပြီး၊ စက်ရုံများ ဆက်လက်တိုက်ခိုက်ခံရပါက ရက်ပိုင်းအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးထား သည်။

     အမေရိကန်၏ “စစ်ပွဲနှင့် ညှိနှိုင်းမှု” မဟာဗျူဟာမှာ လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အီရန်ဘက်က ပြောကြားလိုက်သည့်အတွက် အခြေအနေမှာ ပိုမိုရှုပ်ထွေးလာပြီး စစ်ပွဲသည် ဒေသတွင်းသို့ ပျံ့နှံ့သွားမည့် အန္တရာယ်ရှိနေသည်။

Telegram»…  https://t.me/positiveanglenews

#PAN