တရုတ်နိုင်ငံ၊ ချုံကင်းမြို့တွင် မြေပြိုမှုကြောင့် ရှစ်ဦးသေဆုံးပြီး အနည်းဆုံး ၃၄ ဦး ပျောက်ဆုံး၊ ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်နေ  

(နိုင်ငံတကာ) ဇူလိုင် ၁၈                              

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းမြို့တွင် သောကြာနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော မြေပြိုမှုတစ်ခုကြောင့် နေအိမ်များနှင့် စီးပွားရေးဆိုင်တန်းများ မြေပိသွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး အနည်းဆုံး ၃၄ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

    သောကြာနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ချုံကင်းမြို့၊ ဖန်ရွှေ (Pengshui) ခရိုင်၌ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ တောင်ခြေရှိ လူနေရပ်ကွက်နှင့် စီးပွားရေးဆိုင်ရာ လမ်း မတစ်ခုကို ကျောက်တုံးများနှင့် မြေသားများက လုံးဝနီးပါး ဖုံး လွှမ်းသွားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာ၏ တစ်ကီလိုမီတာ ပတ်လည်အတွင်း နောက်ဆက်တွဲ ဘေးအန္တရာယ်များ မဖြစ်စေရန် ရေ၊ လျှပ်စစ်နှင့် သဘာဝ ဓာတ်ငွေ့ ပေးဝေမှုများကို ဖြတ်တောက်ထားရသည်။             

     အစိုးရအနေဖြင့် ကယ်ဆယ်ရေးသမား ၈၀၀ ကျော်ကို ချက် ချင်း စေလွှတ်ခဲ့ပြီး လက်ရှိအချိန်အထိ အပျက်အစီးများကြားမှ လူ ၁၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် ကယ်ဆယ်ရသူများအနက် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။             

    
     ထို့ပြင် ကယ်ဆယ်ရေးပစ္စည်းများဖြစ်တဲ့ တဲများ၊ ခေါက်ကုတင်များနှင့် အရေးပေါ်ဆေးဝါးပစ္စည်း ၈,၀၀၀ ကျော်ကို ချုံကင်းသို့ အရေးပေါ် ပို့ဆောင်ပေးထားသည်။ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က သဘာဝဘေးကယ်ဆယ်ရေးရန်ပုံငွေ ယွမ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇.၃၆ သန်း) ကို ချက်ချင်း ထုတ်ပေးခဲ့သည်။

     ဖန်ရွှေခရိုင်(Pengshui)၏ မြေမျက်နှာသွင်ပြင်မှာ အလွန်မတ်စောက်ပြီး ခန့်မှန်းရခက်သောကြောင့် အန္တရာယ်ရှိသော ကျောက်တုံးများ ချောက်ကမ်းပါးဘေးတွင် ဆက်လက်ရှိနေသေးကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ရှာဖွေကယ်ဆယ်ရေးကို သိပ္ပံနည်း ကျ စနစ်တကျ လုပ်ဆောင်ရန်နှင့် ဘေးအန္တရာယ် ဖြစ်ပွားရသည့် အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းရန် ညွှန်ကြားထားသည်။         

     ယခုလအစောပိုင်းကပင် ဂန်ဆူးပြည်နယ်တွင် မြေပြိုမှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ယခုဖြစ်စဉ်သည် တရုတ်နိုင်ငံတွင် တစ်လအတွင်း ဒုတိယမြောက် ဆိုးရွားသော မြေပြိုမှု ဘေး အန္တရာယ် ဖြစ်လာခဲ့သည်။                  

Telegram»…  https://t.me/positiveanglenews

#PAN