
(နိုင်ငံတကာ) ဇူလိုင် ၁၈
ဗြိတိန်နိုင်ငံ၏ တစ်ခုတည်းသော သံမဏိထုတ်လုပ်ရေးလုပ် ငန်းဖြစ်သည့် British Steel ကို ဗြိတိန်အစိုးရက တရားဝင် ပြည်သူပိုင်သိမ်းယူလိုက်ခြင်းကြောင့် ဗြိတိန်နှင့် တရုတ်တို့အကြား စီးပွားရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ဤလုပ်ရပ်သည် တရုတ်ကုမ္ပဏီများ၏ ဗြိတိန်နိုင်ငံ အပေါ် ထားရှိသည့် ရင်းနှီးမြှုပ်နှံမှု ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။
ဗြိတိန်အစိုးရက နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် အလုပ်အကိုင် ၂,၇၀၀ ကျော်ကို ထိန်းသိမ်းရန်အတွက် အဆို ပါလုပ်ငန်းကို သိမ်းယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။
တရုတ်ကုမ္ပဏီ Jingye သည် ၂၀၂၀ ခုနှစ်တွင် British Steel ကို ပေါင်သန်း ၇၀ ဖြင့် ဝယ်ယူခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် တစ်ရက်လျှင် ပေါင် ၇၀၀,၀၀၀ နီးပါး ဆုံးရှုံးနေရသည့် အတွက် လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ဗြိတိန်အစိုးရသည် ပြီးခဲ့သည့်နှစ်ကပင် လုပ်ငန်းလည် ပတ်မှု ထိန်းချုပ်ခွင့်ကို သိမ်းယူခဲ့ပြီး ယခုအခါ ပိုင်ဆိုင်ခွင့်ကိုပါ တရား ဝင်လွှဲပြောင်းရယူလိုက်ခြင်းဖြစ်သည်။ ဗြိတိန်အစိုးရသည် Jingye ကုမ္ပဏီအား လျော်ကြေးပေးအပ်ရန် လိုအပ်မလိုကို အကဲဖြတ်ရန်အတွက် လွတ်လပ်သော ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်သွားမည်ဟု ကြေညာထား သည်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဗြိတိန်၏ လုပ်ရပ်မှာ “အတင်းအဓမ္မ သိမ်းယူခြင်း” ဖြစ်ပြီး Jingye ကုမ္ပဏီ ၏ ဗြိတိန်စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးပေးခဲ့မှုများကို လျစ်လျူရှုခြင်းဖြစ်ကြောင်း ပြင်းပြင်းထန် ထန် ဝေဖန်ခဲ့သည်။
တရုတ်ဘက်က ”ဗြိတိန်၏ လုပ်ရပ်သည် Jingye ကုမ္ပဏီ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက် စေသည်။ ဗြိတိန်၌ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီများ ၏ ယုံကြည်မှုကို ပျက်ပြားစေသည်။ “တရုတ်-ဗြိတိန် ရင်းနှီး မြှုပ်နှံမှု ကာကွယ်ရေးသဘောတူညီချက်” အရ ပေးအပ်ထားသည့် တာဝန်များကို ဗြိတိန်က ဖြည့်ဆည်းရန် ပျက်ကွက်နေ သည်” ဟု စွပ်စွဲပြောဆိုခဲ့သည်။
တရုတ်အစိုးရက ၎င်းတို့၏ ကုမ္ပဏီများ အခွင့်အရေးရရှိစေရန်နှင့် တရားမျှတမှုအတွက် အစွမ်းကုန် ကူညီပေးသွားမည်ဟု ကြေညာထားရာ၊ ဤအငြင်းပွားမှုမှာ နှစ်နိုင်ငံအကြား သံတမန်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်နေကြသည်။
Telegram»… https://t.me/positiveanglenews
#PAN