SKY Villa ဆောက်လုပ်ရေးလုပ်ငန်းရှင် ထောင် ၅ နှစ် ချတဲ့အမှု တရားခံဘက်က အယူခံတက်ဖို့ ပြင်ဆင်နေသလို တရားလိုတွေဘက်ကလည်း အမှုပြင်ဆင်ခွင့်တက်မယ်

(ပြည်တွင်း) ဇူလိုင် ၆

မန္တလေးမြို့ငလျင်ကြီးကြောင့် ပြိုကျသွားခဲ့တဲ့ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းရှင်ကို ထောင်ဒဏ် ထောင် ၅ နှစ် ချခဲ့တဲ့အမှုမှာ တရားခံဘက်က အယူခံတက်ဖို့ ပြင်ဆင်နေသလို တရားလိုတွေဘက်ကလည်း အမှုပြင်ဆင်ခွင့်တက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကွန်ဒိုကို ဆောက်လုပ်ခဲ့တဲ့ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ ဇွန်လ ၂၃ ရက်နေ့က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ရုံးမှာမှာ ပုဒ်မ ၃၀၄-က တစ်မှုတည်းနဲ့ စွဲဆိုထားတာဖြစ်ကြောင်း၊ အစပိုင်းမှာ အာမခံနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြေသာစံခရိုင်တရားရုံးကနေ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉က/၂၀၂၆ အမှုတွဲကို ကြည့်ရှုဖို့ ခေါ်ထားတဲ့အတွက် ပေးပို့ထားကြောင်း အောင်မြေသာစံမြို့နယ်တရားရုံးရဲ့ ပြန်ကြားရေးအရာရှိက VOM သတင်းဌာနမှာ ပြောဆိုထားပါတယ်။

ငလျင်လှုပ်ခတ်စဉ်အတွင်း ပြိုကျသွားတဲ့ ကွန်ဒိုရဲ့ ပိုင်ရှင်ဖြစ်သူ ဦးနိုင်ထွန်းလင်းကို တစ်နှစ်မပြည့်မီ တစ်လကျော်အလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၀ ရက်နေ့က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ဦးစီးအရာရှိတစ်ဦးက အောင်မြေသာစံမြို့နယ် အမှတ် ၁ နယ် မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ အမှုဖွင့်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အမှုဖွင့် ဖမ်းဆီးခံရတဲ့ ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ အဆိုပါအမှုကို တစ်လခန့်ကြာ အာမခံနဲ့ အပြင်ကနေ အမှုကို ရင်ဆိုင်နေခဲ့ပြီးနောက် မတ်လ ၁၇ ရက်နေ့မှာ အာမခံရုပ်သိမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီအမိန့်စီရင်ချက်ကို တရားခံ ဦးနိုင်ထွန်းလင်းဘက်က အထက်အဆင့်ဆင့်ကို အယူခံတက်ဖို့ စီစဥ်နေသလို တရားလိုဘက်ကလည်း အမှုပြင်ဆက်ချက်တက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတာဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ မဆင်မခြင် ဒါမှမ ဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ငလျင်ကြောင့် သေဆုံးသွားခဲ့ရတဲ့ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို ပထမအသုတ်မှာ ၇၂ ဦးနဲ့ ဒုတိယအသုတ်မှာ ၇၆ ဦးတို့ကို ဆောက်လုပ်ရေးကုမ္ပဏီဘက်က သိန်း ၁၀၀ စီ နစ်နာ ကြေးပေးခဲ့တယ်လို့ သိရပေမယ့် အဆိုပါကွန်ဒိုမှာ လူပေါင်း ၄၀၀ ကျော် နေထိုင်ခဲ့ကြတယ်လို့ သတင်းတွေအရ သိရတာ ဖြစ်ပါတယ်။

#PAN