(စီးပွားရေး) ဇူလိုင် ၇ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုများအပေါ် ကောက်ခံလျက်ရှိသည့် အခွန်များကို ဇူလိုင်လကုန်ထိ ထပ်မံတိုးမြှင့်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)တို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ထပ်မံကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။
ထို့ပြင် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)ကိုလည်း အလားတူကာလအတွင်း ကင်းလွတ်ခွင့်ပြုထားသည်။
အဆိုပါအပြင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း ဇူလိုင်လကုန်ထိ ဆက်လက်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။
ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့်များ ထပ်မံတိုးမြှင့်ခြင်းသည် စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ကုန်ကျစရိတ်လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN