
(နိုင်ငံတကာ) ဇူလိုင် ၃
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက် ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် အီရန်နိုင်ငံ၏ သြဇာကြီးအဓိပတိ (Supreme Leader) အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) အတွက် ရွှေ့ဆိုင်းထားခဲ့ရသော နိုင်ငံတော်အဆင့် ဈာပနအခမ်း အနားနှင့် စီတန်းလှည့်လည်ပွဲများကို အီရန်နှင့် အီရတ်နှစ်နိုင်ငံရှိ အထွတ်အမြတ်ဖြစ်သော မြို့ကြီးများ၌ ယနေ့ (ဇူလိုင် ၃ ရက်) မှ စတင်ကာ ၇ ရက်တိုင်တိုင် ကျင်းပတော့မည် ဖြစ်သည်။
အသက် ၈၆ နှစ်အရွယ်ရှိ အဓိပတိကြီး အလီ ခါမေနီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်(စစ်ပွဲ၏ ပထမဆုံးနေ့) ကတည်း က ၎င်း၏ နေအိမ်ဝင်းအတွင်းသို့ ကျရောက်ခဲ့သည့် အမေရိကန်-အစ္စရေး ပူးတွဲလေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင်အချို့နှင့်အတူ ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။ ကနဦးက မတ်လတွင် သင်္ဂြိုဟ်ရန် စီစဉ်ခဲ့သော်လည်း စစ်ပွဲပြင်းထန်နေမှုကြောင့် ဈာပနကို ၄ လနီးပါး ရွှေ့ဆိုင်းခဲ့ရသည်။
ယခုအခမ်းအနားသည် ခါမေနီကွယ်လွန်ပြီးနောက် ရာထူးဆက်ခံခဲ့သည့် ၎င်း၏သားဖြစ်သူ မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ၏ လက်ထက်တွင် ပထမဆုံးကျင်းပသည့် အကြီးဆုံး နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး၊ စစ်ပွဲစတင်ကတည်းက လူထုရှေ့မပြောက်ခဲ့သော အဓိပတိသစ် မိုဂျတာဘာလည်း ပါဝင်လာဖွယ် ရှိနေသည်။ ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာ ဘာသာရေးပညာ ရှင်များ တီဟီရန်မြို့သို့ လာရောက်ကာ ဝမ်းနည်းကြောင်း အလေးပြုကြမည်ဖြစ်သည်။
အီရန်အစိုးရ ထုတ်ပြန်ချက်အရ ၇ ရက်တာ ဈာပနအစီအစဉ်ကို ဝမ်းနည်းပူဆွေးသူ ပြည်သူသန်းပေါင်းများစွာဖြင့် စနစ် တကျ ကျင်းပသွားမည်ဖြစ်သည်။ ဇူလိုင် ၄ ရက်နှင့် ၅ ရက် (တီဟီရန်မြို့)တွင် ခါမေနီနှင့် မိသားစုဝင်များ ၏ ရုပ်ကလာပ်ကို အီရန်၏ အကြီးဆုံး ဝတ်ပြုဆောင်ကြီးဖြစ်သော ‘ဂရန်းမိုဆာလာ (Grand Mosalla)’ တွင် ထားရှိကာ အများပြည်သူ နောက်ဆုံးအလေးပြု နှုတ်ဆက်ခွင့်ပြုမည်။

ဇူလိုင် ၆ ရက်နှင့် ၇ ရက် (တဟီရန် နှင့် ကွန်းမ်မြို့)တွင် ရုပ် ကလာပ်စီတန်းလှည့်လည်ပွဲသည် တဟီရန်မြို့ကို ဖြတ် သန်းပြီးနောက် ရှီအာအစ္စလာမ် စာသင်တိုက်ကြီးများရှိရာ အထွတ် အမြတ် ကွန်းမ် (Qom) မြို့သို့ ဆက်လက်ရွှေ့ပြောင်းမည်။
ဇူလိုင် ၈ ရက် (အီရတ်နိုင်ငံ – နေဂျာ့ဖ် နှင့် ကာဘာလာမြို့) တွင် ရုပ်ကလာပ်ကို အီရတ်နိုင်ငံသို့ ခေတ္တပင့်ဆောင်ကာ ရှီအာမွတ်စလင်တို့၏ အထွတ်အမြတ်ဆုံးနေရာများဖြစ်သည့် နေဂျာ့ဖ်မြို့ရှိ ‘အီမာမ်အလီ ဝတ်ပြုဆောင်’ နှင့် ကာဘာလာမြို့ရှိ ‘အီမာမ်ဟူစိန် ဝတ်ပြုဆောင်’ တို့တွင် အီရတ်ပြည်သူ သန်းချီဖြင့် စီတန်းအလေးပြုမည်။
ဇူလိုင် ၉ ရက် (အီရန်နိုင်ငံ – မာရှဟဒ်မြို့)တွင် နောက် ဆုံး သင်္ဂြိုဟ်ခြင်းအခမ်းအနားကို ခါမေနီ၏ ဇာတိမြေဖြစ်သလို ရှီအာတို့၏ အကြည်ညိုရဆုံး အဋ္ဌမမြောက်အီမာမ် ကိန်းဝပ်ရာ မာရှဟဒ် (Mashhad) မြို့ရှိ ‘အီမာမ်ရေဇာ ဝတ်ပြုဆောင်’ ၌ ခမ်းနားစွာ ကျင်းပကာ မြှုပ်နှံသွားမည်ဖြစ်သည်။

၁၉၈၉ ခုနှစ်မှစ၍ အီရန်စစ်တပ်နှင့် ပြည်သူ့စစ်ယန္တရားကြီးကို ပုံဖော်ခဲ့သည့် အဓိပတိကြီး ခါမေနီအား အစ္စလာမ်ဘာသာ၏ အကြည်ညိုရဆုံး ပုဂ္ဂိုလ်များအနီးတွင် မြှုပ်နှံခြင်းသည် ၎င်း၏ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အမြင့်ဆုံးအာဏာကို ပြသရာရောက်ကြောင်း အရှေ့အလယ်ပိုင်း လေ့လာသူများက သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN