ပါကစ္စတန်တွင် လူပြည့်ကျပ်နေသည့် ခရီးသည်တင် ဘတ်စ်ကားတစ်စီး အရှိန်လွန်ကာ ပေ ၈၀ ခန့်နက်သည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ ၄၀ သေဆုံး၊ ၈ ဦး ဒဏ်ရာရ

(နိုင်ငံတကာ) ဇူလိုင် ၃ 

   ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး လူများအလွန်အမင်း ပြည့် ကျပ်နေသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ထိန်းချုပ်မှုလွတ်ကာ အဝေးပြေးလမ်းမပေါ်မှ ကျောက်ဆောင်ထူထပ်သည့် ချောက်နက်ထဲသို့ ထိုးကျသွားခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၄၀ သေဆုံးပြီး အခြားလူ ရှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

   ဘာလိုချီစတန်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှာ ဟစ် ရင့်ဒ် (Shahid Rind) ၏ အဆိုအရ အဆိုပါဘတ်စ်ကားသည် ကွီတာမြို့ (Quetta) မှ ပက်ရှဝါမြို့ (Peshawar)သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။ လမ်းခုလတ်တွင် အခြားဘတ်စ် ကားတစ်စီး ပျက်နေသဖြင့် ယင်းယာဉ်ပေါ်မှ သောင်တင်နေသော ခရီးသည်များကိုပါ ထပ်မံကူညီ တင်ဆောင်လာခဲ့သော ကြောင့် ဘတ်စ် ကားပေါ်တွင် သတ်မှတ်ပမာဏထက် လူများအလွန်အမင်း ပြည့်ကျပ်နေခဲ့ခြင်း ဖြစ်သည်။               

    ယာဉ်သည် ဘာလိုချီစတန်ပြည်နယ်နှင့် ကိုင်ဘာပက်တွန်ခွာပြည်နယ်တို့၏ နယ်စပ်အနီး ဝေးလံခေါင်သီသော တောင်ထူထပ်သည့် ဒါနာဆာ (Dana Sar) ဒေသသို့ အရောက် သောကြာနေ့အစောပိုင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ပေ ၇၀ မှ ၈၀ ခန့် (၂၁ မီတာမှ ၂၄ မီတာခန့်) နက်သည့် ကျောက်ဆောင်ထူထပ်ရာ ချောက်ထဲသို့ လိမ့်ကျသွားခဲ့ခြင်းဖြစ်သည်။

     ယခုဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည့် လမ်းပေါ်က သေဆုံးမှုအများဆုံး မတော် တဆမှုများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လက်ရှိတွင် ကယ်ဆယ်ရေးသမားများသည် ချောက်ထဲမှ ရုပ်အလောင်းများကို ဆယ်ယူကာ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသတ်မှတ်နိုင်ရန် ကြိုးပမ်းနေကြသည်။        

     ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နှင့် ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် ဆာဖရက်ဇ် ဘာဂ်တီ (Sarfraz Bugti)တို့က လူအသက်ပေါင်းများစွာ ကြေ ကွဲဖွယ် ဆုံးရှုံးခဲ့ရမှုအပေါ် ထပ်တူထပ်မျှ ဝမ်း နည်းပူဆွေးရကြောင်း ထုတ်ပြန်ခဲ့ကြပြီး၊ ဒဏ်ရာရရှိထားသူများ အမြန်ဆုံး ပြန်လည်သက်သာလာစေရန်အတွက် သက်ဆိုင်ရာ ဆေးရုံများနှင့် အာဏာပိုင်များအနေဖြင့် အကောင်းဆုံးသော ဆေးဝါးကုသမှုများကို အခမဲ့ စီစဉ်ပေးရန် အရေးပေါ်ညွှန်ကြားထားသည်။                  

  ပါကစ္စတန်နိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် စနစ်တကျမရှိသော အန္တရာယ်များသည့် မောင်းနှင်မှု အလေ့အထများကြောင့် (အထူး သဖြင့် ယခုကဲ့သို့ တောင်ထူထပ်သော လမ်းပိုင်းများတွင်) ဆိုးရွားသည့် ယာဉ်မတော်တဆမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ပြီးခဲ့သည့် မေလကလည်း ပါကစ္စတန်အနောက်မြောက်ပိုင်း အဝေးပြေးလမ်းမပေါ်တွင် ရပ်ထားသည့် ကားကို မီနီဘတ်စ်က ဝင်တိုက်မိမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။               

Telegram»…
https://t.me/positiveanglenews

#PAN