ဖောက်သည်နဲ့ ရဲစခန်း ဖုန်းနံပါတ် မှားဆက်မိလို့ မူးယစ်ဆေးရောင်းသူနှစ်ဦး အဖမ်းခံလိုက်ရ

(မှုခင်း) ဇူလိုင် ၃

မူးယစ်ဆေးဝါးပစ္စည်း ရောင်းချသူ ၂ ဦးမှာ ပစ္စည်းလာပို့ရင်း ဖောက်သည်ဖုန်းနံပါတ်နဲ့ ရဲစခန်းဖုန်းနံပါတ်ကို မှားဆက်မိရာကနေ အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီဖြစ်စဥ်ဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ မနေ့က မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။တောင်ကြီး – ဟိုပုံးကားလမ်း၊ နောင်လေကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရောင်းချသူတွေဟာ မိမိတို့ဆီက ဝယ်ယူတဲ့ ဖောက်သည်တစ်ဦးဆီကို ပစ္စည်းလားပိူ့ရင် ပစ္စည်းရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့တာဖြစ်ပြီ ဆက်လိုက်တဲ့ဖုန်းနံပါတ်မှာ ဖောက်သည်ရဲ့ဖုန်းနံပါတိမဟုတ်ဘဲဘး တောင်ကြီးမြို့မရဲစခန်းရဲ့ ဖုန်းနံပါတ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။မှာထားတဲ့ ပစ္စည်းတွေ လာပို့နေတာကြောင့် နောင်လေရွာနားမှာ လာယူဖို့ ပစ္စည်းလာယူမယ့်သူ ဖုန်းနံပါတ်နဲ့ ရဲစခန်းဖုန်းနံပါတ်ကို မှားယွင်းပြီး ဖုန်းဆက်ချိန်းဆိုခဲ့တာပါ။တောင်ကြီးမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဖုန်းထဲက အစီအစဥ်အတိုင်း နောင်လေကျေးရွာအနီးမှာ စောင့်ဆိုင်းနေစဉ်မှာ ဟိုပုံးမြို့ဘက်ကနေ အမျိုးသား ၂ ဦး မောင်းနှင်လာတဲ့ Honda ဆိုင်ကယ်ကို တားဆီးရှာဖွေစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ တောင်ကြီးမြို့မရဲစခန်းရဲ့ ကြေးနန်းထုတ်ပြန်ချက်အရ သိရတာ ဖြစ်ပါတယ်။ခွန်ဗိုလ်ကျော်နဲ့ ကိုစိုင်းဆိုသူ ၂ ဦးကို နောင်လေရွာအနီးမှာ သူတို့ရဲ့ အိတ်ထဲက ကျပ် ၇၅ သိန်း တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ၂၅,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ကြေးနန်းပါ အချက်အလက်က ဆိုပါတယ်။လက်ရှိအချိန်မှာ မူးယစ်ဆေးဝါး ဖြန့်ဝေသူ ခွန်ဗိုလ်ကျော်နဲ့ ကိုစိုင်းတို့ ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းမှာ (ပ) ၅၅/၂၀၂၆၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။