
(နိုင်ငံတကာ) ဇူလိုင် ၃
ကမ္ဘာတစ်ဝန်းတွင် အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး လာမည့် လအနည်းငယ်အတွင်း လျင် မြန်စွာ ပိုမိုအားကောင်းလာနိုင်သဖြင့် အပူလှိုင်းဖြတ်ခြင်း၊ မိုး ခေါင်ရေရှားခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း စသည့် “ပြင်း ထန်ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များ” အတွက် ကြိုတင်ပြင် ဆင်ထားကြရန် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က အစိုးရများနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ယနေ့ သောကြာနေ့တွင် သတိ ပေးနှိုးဆော်လိုက်သည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) ၏ ထုတ်ပြန်ချက်အရ အယ်လ်နီညိုအခြေအနေများသည် လက်ရှိတွင် စတင်အသက်ဝင်နေပြီဖြစ်ကာ ယခု ဇူလိုင်လနှင့် စက်တင်ဘာလအကြားတွင် လျင်မြန်စွာ အားကောင်းလာမည်ဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် အယ်လ်နီညိုဖြစ်စဉ်သည် နိုဝင်ဘာလနှင့် ဖေဖော်ဝါရီ လအကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိလေ့ရှိသည်။
WMO အထွေထွေအတွင်းရေးမှူးချုပ် စီလက်စတီ ဆာအူလို (Celeste Saulo) က “WMO ရဲ့ ခန့်မှန်းချက်တွေအတိုင်း အယ်လ်နီညိုဟာ ပြင်းထန်တဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ကို လျင်မြန်စွာ အားကောင်းလာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဒေသအတော်များများမှာ မိုးခေါင်ရေရှားမှု၊ မိုးသည်းထန်စွာရွာသွန်းမှုတွေအပြင် ကုန်းမြေနဲ့ ပင်လယ်ရေပြင်အပူလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ပိုမိုပြင်းထန်စေမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများအတွက် ပံ့ပိုးကူညီမှုအစီအစဉ်များ ကြို တင်ပြင်ဆင်နိုင်ရန် ရာသီဥတုဆိုင်ရာ သတင်းအချက် အလက်များနှင့် ကြိုတင်သတိပေးစနစ်များကို စတင်အသက်သွင်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
အယ်လ်နီညိုဆိုသည်မှာ အီကွေတာအနီးအလယ်ပိုင်းနှင့် အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာတို့၏ ရေမျက်နှာပြင်အပူ ချိန်ကို မြင့်တက်စေပြီး တစ်ကမ္ဘာလုံးတွင် လေတိုက်ခတ်မှု၊ လေဖိအားနှင့် မိုးရွာသွန်းမှုပုံစံများကို ပြောင်းလဲစေသည့် သဘာဝရာသီ ဥတုဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယင်းဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ၉ လမှ ၁၂ လအထိ ကြာမြင့်တတ်သည်။
WMO ၏ အစီရင်ခံချက်အရ ကမ္ဘာ့သမုဒ္ဒရာ ရေ မျက်နှာပြင် အပူချိန်များသည် ပြီးခဲ့သည့် ဇွန်လအတွင်း စံချိန်တင်မြင့်မားခဲ့ပြီး ယင်းမှာ အယ်လ်နီညိုကြောင့်လည်း အစိတ်အပိုင်းတစ်ခုအဖြစ် တွန်းအားပေးခံရခြင်းဖြစ် သည်။ ပြီးခဲ့သည့် အယ်လ်နီညိုစက်ဝန်းကြောင့် ၂၀၂၃ ခုနှစ်သည် ဒုတိယမြောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်မူ စက်မှုခေတ်မတိုင်မီ ပျမ်းမျှအပူချိန်ထက် ၁.၅၅ ဒီဂရီဆဲလ်စီးယပ်စ်ခန့်အထိ မြင့်တက်ကာ သမိုင်းတလျှောက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း ENSO (ကြားနေအဆင့်) ရှိနေသည့်တိုင် ပြင်းထန်ရာသီဥတုများ ဖြစ်ပေါ်နိုင်သဖြင့် စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မည့်ဒဏ်ကို လျှော့ချနိုင်ရန် ကြိုတင်သတိပေးချက်များကို မျက်ခြေမပြတ်စောင့်ကြည့်ကြရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN