ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံးဖြစ်လာမည့် အီရန်အဓိပတိ ခါမေနီ၏ ၇ ရက်တာ ဈာပနစတင်၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကမ္ဘာ့ခေါင်းဆောင်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တက်ရောက်  

(နိုင်ငံတကာ) ဇူလိုင် ၃ 

   အမေရိကန်-အစ္စရေးနှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲ၏ ပထမဆုံးနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် အီရန်နိုင်ငံ၏ သြဇာကြီးအဓိပတိဟောင်း (Supreme Leader) အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) အတွက် ရွှေ့ ဆိုင်းထားခဲ့ရသော နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ယနေ့ (ဇူလိုင် ၃ ရက်) သောကြာ နေ့တွင် မြို့တော်တဟီရန်၌ စတင်ကျင်းပရာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ လာရောက်လျက် ရှိသည်။                      

     အီရန်နိုင်ငံပိုင်သတင်းဌာန IRIB ၏ ထုတ်ပြန်ချက်အရ ယနေ့ကျင်းပသည့် ဂုဏ်ပြုခြင်းအခမ်းအနားသည် နိုင်ငံခြားခေါင်းဆောင်အများဆုံး တက်ရောက်သည့် နေ့ရက်ဖြစ်သည်။

     အမေရိကန်နှင့် အီရန်အကြား ကြားဝင်စေ့စပ်ပေးပြီး အပစ်အခတ်ရပ်စဲရေးရအောင် ကူညီပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီး ချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) နှင့်အတူ ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင်မူနီယာ၊ တာဂျီကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်၊ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် နှင့် ဂျော်ဂျီယာသမ္မတ မီခေးလ် ကာဗီလာရှဗီလီ တို့ ကိုယ်တိုင်တက်ရောက်ကြသည်။

   ရုရှားနိုင်ငံမှ သမ္မတဟောင်းလည်းဖြစ်သူ လုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်၊ တရုတ်ပါလီမန် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဟယ်ဝေ၊ တူရကီဒုတိယသမ္မတ ဂျက်ဗ်ဒက် ယီလ်မက်ဇ် တို့လည်း တက်ရောက်ကြသည်။

ထို့ပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများဖြစ်ကြသော အာဖဂန်နစ္စတန် တာလီဘန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး အာမီယာ ခန်း မူတာကီနှင့် စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ် အဗ္ဗဒူ ဂါနီ ဘာရာဒါ၊ ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ ဟာဖစ်ဇူဒင် အာမက်ဒ် တို့ တက်ရောက်ကြပြီး၊ အိန္ဒိယနိုင်ငံမှလည်း နိုင်ငံအတွင်း အဆင့်မြင့်ဆုံး ရှီအာမွတ်စလင် ပြည်သူ့ဝန်ထမ်းဖြစ်သူ ဘီဟာပြည်နယ်ဘုရင်ခံ ဆီယက် အာတာ ဟက်စနိန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။                  

     ယနေ့ တီဟီရန်မြို့တွင် ကမ္ဘာ့ခေါင်းဆောင်များ ဂုဏ်ပြုအလေးပြုပြီးနောက် ဇူလိုင် ၄ နှင့် ၅ ရက်တွင် ‘ဂရန်းမိုဆာလာ’ ဝတ်ပြုဆောင်၌ လူထုနောက်ဆုံးနှုတ်ဆက်ပွဲ ကျင်းပမည်ဖြစ် သည်။ ထို့နောက် ရုပ်ကလာပ်ကို အီရန်နိုင်ငံ ကွန်းမ်မြို့နှင့် အီရတ်နိုင်ငံရှိ ရှီအာအထွတ်အမြတ်မြေများဖြစ်သော နေဂျာ့ဖ်၊ ကာဘာလာမြို့များသို့ လှည့်လည်ကာ ဝမ်း နည်းပူဆွေးသူ သန်းပေါင်းများစွာနှင့်အတူ အခမ်းအနားများပြုလုပ်ပြီး ဇူလိုင် ၉ ရက်တွင် ခါမေနီ၏ ဇာတိမြေဖြစ်သော မာရှဟဒ်မြို့၌ နောက်ဆုံး သင်္ဂြိုဟ်မည်ဖြစ်သည်။ ယခုပွဲသည် ၁၉၈၉ ခုနှစ်က လူဦးရေ ၁၀ သန်းတက်ရောက်ခဲ့သည့် ခိုမေနီ၏ ဈာပနထက်ပင် ကြီးမားနိုင်ကြောင်း ခန့်မှန်းထားသည်။

     သို့သော်လည်း အစ္စရေး၏ လုပ်ကြံသတ်ဖြတ်မည့် ခြိမ်း ခြောက်မှုများကြောင့် အီရန်၏ လက်ရှိအဓိပတိသစ်ဖြစ်သူ ခါမေနီ၏သား မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei)မှာ လုံခြုံရေးအရ ယခုဈာပနသို့ တက်ရောက်မည်မဟုတ်ကြောင်း အတည်ပြုထားသည်။

     တစ်ချိန်တည်းမှာပင် အီရန်စစ်ဘက်ဗိုလ်ချုပ်ကြီး အလီ အာဘဒိုလာဟီက ဈာပနကျင်းပနေစဉ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အမြင်မှားကာ ကျူးကျော်မှုတစ်စုံတစ်ရာ ပြုလုပ်လာပါက ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။               

Telegram»…
https://t.me/positiveanglenews

#PAN