
(နိုင်ငံတကာ) ဇူလိုင် ၂
အမေရိကန်-အစ္စရေးတို့နှင့် စစ်ရေးတင်းမာမှုများကို အဆုံး သတ်ရန် လွန်ခဲ့သည့် နှစ်ပတ်က လက်မှတ်ရေးထိုးခဲ့သည့် ယာယီနားလည်မှုစာချွန်လွှာ (MoU) ပါ သဘောတူညီချက်များကို ချိုးဖောက်မှုရှိပါက အပြန်အလှန် အစီရင်ခံနိုင်ရေးအတွက် အမေရိကန်နှင့် ‘ဆက်သွယ်ရေးလမ်းကြောင်း’ တစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း အီရန်အစိုးရက ကြေညာလိုက်သည်။
ကာတာနှင့် ပါကစ္စတန်တို့၏ ကြားဝင်စေ့စပ်မှုဖြင့် အမေရိကန်နှင့် အီရန်အကြား သွယ်ဝိုက်သော နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့ပြီးနောက် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန်က အေးခဲထားသည့် အီရန်ပိုင်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို အီရန်နိုင်ငံက လိုအပ်သည့် ကုန်စည်များ ဝယ်ယူရန်အတွက် အသုံးပြုသွားမည့်ကိစ္စကို ကာတာဗဟိုဘဏ်အရာ ရှိများနှင့် ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ယခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ရန်ပုံ ငွေများကို အမေရိကန်ထုတ်ကုန်များ ဝယ်ယူရန်အတွက်သာ အသုံးပြုရမည်ဟု ပြောဆိုထားခဲ့သော်လည်း ယခုအခါ အီရန်၏ လိုအပ်ချက်များကို အခြေခံ၍ ကုန်စည်များ ဝယ်ယူခွင့်ပြုရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် အာလ်-အန်ဆာရီ က ဆွေးနွေးပွဲများတွင် “အပြု သဘောဆောင်တဲ့ တိုးတက်မှုများ” ရှိခဲ့ကြောင်းနှင့် အီရန်အဓိပတိခေါင်းဆောင်ဟောင်း၏ ဈာပနအခမ်းအနားများ ပြီးဆုံးပြီးနောက် အစောဆုံးဖြစ်နိုင်မည့်အချိန်တွင် နောက် ထပ်တွေ့ဆုံပွဲကို ဆက်လုပ်မည်ဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့်လက ကြားဝင်စေ့စပ်ပေးခဲ့သည့် အဆိုပါ MoU တွင် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ ဟော်မုဇ်ရေ လက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် နျူကလီး ယားအစီအစဉ်ဆိုင်ရာ အပြီးသတ်သဘောတူညီချက် ရရှိရေးတို့ ပါဝင်သည်။ သို့သော်လည်း ယာယီ MoU အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲလွဲမှုကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နှစ်ဖက်အကြား အပြန် အလှန် စစ်ရေးအရ တိုက်ခိုက်မှုအချို့ ရှိခဲ့သည်။
သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ဒိုဟာဆွေးနွေးပွဲများအပေါ် အလွန်အားရကျေနပ်မှုရှိပြီး အီရန်၏ နျူကလီးယားဖျက် သိမ်းရေး လုပ်ငန်းစဉ်မှာ ကောင်းမွန်စွာ ရှေ့ဆက်နေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
တစ်ဖက်တွင်မူ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် ကမူ လာမည့်လ MoU သက်တမ်းမကုန်ဆုံးမီ တိုက်ပွဲများဆီသို့ အမေရိကန် ပြန်လည်ရောက်ရှိသွားမည်မဟုတ်ကြောင်း အပြည့်အဝ အာမခံချက်မပေးနိုင်ဘဲ၊ အီရန်၏ လုပ်ဆောင် ချက်အပေါ်တွင်သာ မူ တည်ကြောင်း သတိပေးထားသည်။
အမေရိကန်-အီရန် ဆွေးနွေးပွဲများအပေါ် အကောင်းမြင်မှုများကြောင့် ရေနံထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့ကျသွားခဲ့သဖြင့် ကမ္ဘာ့ရေနံစျေးနှုန်းများသည် ၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN