လက်ယက်တွင်းများအစား စနစ်သစ်ဖြင့် အစားထိုးမည်၊ နိုင်ငံပိုင်ရေနံသယံဇာတ လေလွင့်မှုလျှော့ချရန် MOGE နှင့် ပြည်တွင်းကုမ္ပဏီများ စံပြရေနံတွင်းတူးဖော်ထုတ်လုပ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

(ပြည်တွင်း) ဇူလိုင် ၂                              

   မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံပိုင် ရေနံသယံဇာတများ လေလွင့်ပြုန်းတီးမှုကို ကာကွယ်ရန်အတွက် စံပြရေနံတွင်း (Standard Wells) များမှ ရေနံစိမ်းတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု သဘောတူညီချက်များကို စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်တွင်းကုမ္ပဏီများအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။                                

     အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိကြသည့် ပြည်တွင်းကုမ္ပဏီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။               

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယခင်က ခွင့်ပြုထားခဲ့သည့် လက်ယက်ရေနံတွင်း (Hand-dug oil wells) တူးဖော်ရေးလုပ်ငန်းများကို လက်ရှိတွင် ဆိုင်းငံ့ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ယခုကဲ့သို့ စံပြရေနံတွင်းတူးဖော်မှု စနစ်သစ်ကို ပြောင်းလဲမိတ်ဆက်ရခြင်းမှာ သယံဇာတ လေလွင့်ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေရန်နှင့် ရေရှည်တည်တံ့သော ထုတ်ယူသုံးစွဲမှုကို သေချာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ရေနံတူးဖော်ခွင့် လျှောက်ထားမှုများကိုလည်း ပတ်ဝန်းကျင်ထိခိုက်မှု (Environmental Impact) အနည်းဆုံးဖြစ်စေရန် သေချာစွာ စိစစ်သုံးသပ်ပြီးမှသာ စနစ်တကျ ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။                 

    ယခုစီမံကိန်းသည် ပြည်တွင်းရေနံလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အရင်းအနှီးများကို နိုင်ငံတော်၏ ထုတ်လုပ်မှုကဏ္ဍတွင် အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံခွင့်ရရှိစေရန် ဖန်တီးပေးခြင်းလည်း ဖြစ်သည်။         

    ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ အဆိုပါ စံပြရေ နံတွင်းလုပ်ငန်းများမှ ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ် တကျ သန့်စင်ပြီး နိုင်ငံပိုင် ရေနံချက်စက်ရုံများသို့ ပေးပို့ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ကြီးမားသော အထောက်အကူပြုမှု ဖြစ်လာမည် ဖြစ်သည်။                                    

    အခမ်းအနားအတွင်း MOGE စီမံခန့်ခွဲရေးညွှန်ကြားရေးမှူးက ကုမ္ပဏီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်း လင်းပြောကြားခဲ့ပြီးနောက်၊ စံပြရေနံတွင်း တူးဖော်ထုတ်လုပ်ရန် သတ်မှတ်ချက်နှင့် ညီညွတ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းဆောင် ရွက်မှု သဘောတူညီချက်များကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။                 

Telegram»…
https://t.me/positiveanglenews

#PAN