၁၈၈၄ ခုနှစ်နောက်ပိုင်း အပူဆုံးစံချိန်တင်၊ ဥရောပတစ်ခွင်လုံး အပူလှိုင်းဖြတ်သန်းမှုကြောင့် ရာစုနှစ်တစ်ခုအတွင်း အင်္ဂလန်နိုင်ငံအတွက်အပူဆုံးဇွန်လ ဖြစ်ခဲ့       

(နိုင်ငံတကာ) ဇူလိုင် ၂ 

    ဗြိတိန်နိုင်ငံတွင် မှတ်တမ်းများ စတင်ကောက်ခံခဲ့သည့် ၁၈၈၄ ခုနှစ်နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လသည် အင်္ဂလန်နိုင်ငံအတွက် သမိုင်းတလျှောက် အပူဆုံးဇွန်လ ဖြစ်ခဲ့ပြီး ယူနိုက်တက်ကင်းဒမ်း (UK) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်မူ ဒုတိယမြောက် အပူဆုံးဇွန်လအဖြစ် ယာယီစာရင်းဇယားများအရ စံချိန်တင်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသရုံး (Met Office) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။                      

     မိုးလေဝသအေဂျင်စီ၏ အဆိုအရ ဇွန်လနောက်ဆုံးပတ် (ဇွန် ၂၁ ရက်မှ ၂၇ ရက်အထိ) တွင် ဗြိတိန်၏ နေရာအတော်များများ ၌ အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော်အထိ ၇ ရက်ဆက်တိုက် မြင့်မားခဲ့ပြီး ရှားရှားပါးပါး ပြင်းထန်အပူလှိုင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

     ဇွန်လ ၂၆ ရက်နေ့က နော်ဖော့ခ် (Norfolk) ရှိ လင်းဝုဒ် (Lingwood) တွင် အမြင့်ဆုံးအပူချိန်အဖြစ် ၃၇.၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး၊ ယင်းသည် ၁၉၅၇ နှင့် ၁၉၇၆ ခုနှစ်များက တည်ရှိခဲ့သော ဇွန်လစံချိန်ဟောင်း (၃၅.၆ ဒီဂရီဆဲလ်စီးယပ်စ်) ထက် ၂ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ပိုမိုမြင့်မားကာ ဇွန်လအတွက် သမိုင်းတလျှောက် အမြင့်ဆုံးအပူချိန် ဖြစ်လာခဲ့သည်။                   

     အင်္ဂလန်၏ ဇွန်လပျမ်းမျှအပူချိန်သည် ၁၇.၁ ဒီဂရီဆဲလ်စီးယပ်စ် ရှိခဲ့ရာ ၂၀၂၅ ခုနှစ် ဇွန်လက တည်ရှိခဲ့သည့် စံချိန်ဟောင်း (၁၆.၉ ဒီဂရီဆဲလ်စီးယပ်စ်) ကို ကျော်လွန်သွားခဲ့သည်။ ယင်းကြောင့် သမိုင်းတလျှောက် အပူဆုံး ဇွန်လ စံချိန် ၃ ခုစလုံး (၂၀၂၃၊ ၂၀၂၅၊ ၂၀၂၆) သည် ယခုဆယ်စုနှစ်အတွင်း၌သာ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။             
​     ယခုအပူလှိုင်းကြောင့် ဗြိတိန်တစ်ဝှမ်းရှိ စာသင်ကျောင်းများနှင့် မူကြိုကျောင်းပေါင်း ၁,၀၀၀ ကျော် ပိတ်ထားခဲ့ရသည့်အပြင် အပူရှိန်ကြောင့် ရထားလမ်းအချက်ပြစနစ်များနှင့် ကေဘယ်ကြိုးများ Strain ဖြစ်ကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ် ငန်းများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဗြိတိန်အိမ် ထောင်စုများတွင် အဲယားကွန်းနှင့် ပန်ကာများ ထားရှိမှု ရှားပါးသဖြင့် ဝယ်လိုအား ရုတ်တရက် မြင့်တက်ခဲ့ပြီး ဝေဖန်သူများက ယူကေအစိုးရအနေဖြင့် ပိုမိုပူပြင်းလာမည့် နွေရာသီများနှင့် ကိုက်ညီအောင် အခြေခံအဆောက်အအုံများကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် တိုက်တွန်းထားကြသည်။

     အဆိုပါ ပြင်းထန်သောအပူလှိုင်းသည် ဗြိတိန်သာမက ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ယူကရိန်အနောက်ပိုင်း အပါအဝင် ဥရောပနိုင်ငံအများအပြားကိုပါ ရိုက်ခတ်ခဲ့ပြီး ပြင်သစ်တစ်နိုင်ငံတည်းတွင်တင် အပူရှိန်ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။                

   ရာသီဥတုပညာရှင်များအဖွဲ့ (World Weather Attribution) က ယခုကဲ့သို့ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဆိုးရွားမှုများကို နောက်ပြန်လှည့်နိုင်ရန်အတွက် ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာများ (Fossil Fuels) သုံးစွဲမှုကို အဆင့်လိုက် အမြန်ဆုံးရပ်ဆိုင်းရန် မဖြစ်မနေလိုအပ်ကြောင်း သတိပေးထား သည်။                        

Telegram»…
https://t.me/positiveanglenews

#PAN