ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမည်စာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်းခြိမ်းခြောက်၍ ငွေကြေးလိမ်လည်တောင်းခံခဲ့သူများ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၁

ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမည်စာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်းခြိမ်းခြောက်၍ ငွေကြေးလိမ်လည်တောင်းခံခဲ့သည့်ဖြစ်စဉ်အား တာဝန်ရှိသူများကဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်နေ မောင်ငြိမ်းချမ်းဦး(ဘ)ဦးကျော်ကျော်ဦး သည် ဇွန်လ ၂၅ ရက်နေ့တွင် နေအိမ်မှ ၎င်း၏ အလုပ်သို့သွားရောက်စဉ် မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့်၎င်း၏မိသားစုက လူပျောက်ကြော်ငြာများကို ၎င်းတို့၏လူမှုကွန်ယက်မှတစ်ဆင့် ဖြန့်ဝေထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသား တစ်ဦးက ငြိမ်းချမ်းဦး၏ မိခင်ဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်၍ “ငြိမ်းချမ်းဦး အား ပြန်ပေးဆွဲထားကြောင်း၊မိခင်ဖြစ်သူနှင့် မိသားစုဝင်များက လူမှုကွန်ရက် ပေါ်တွင် ပို့စ်တင်ရေးသားထားသည့်လူပျောက်ကြော်ငြာသတင်းများအား ပြန်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းဦးအားပြန်လိုချင်ပါက ပြန်ပေးဆွဲငွေအနေဖြင့် သိန်း ၁၀၀ ကျပ်အား ပေးရမည်ဖြစ်ပြီးငွေလွှဲပေးရမည့် ဘဏ်အကောင့်အား ပြန်ပြောပေးမည်” ဟု ပြောဆိုလာကြောင်း သိရသည်။

ထို့နောက် ငြိမ်းချမ်းဦး၏ ရည်းစားဖြစ်သူ ဒေါက်တာ ခိုင်ဆုရည်သည် ငြိမ်းချမ်းဦး၏အဒေါ်ဖြစ်သူထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငြိမ်းချမ်းဦး၏မိခင်ဖြစ်သူသည် ကျန်းမာရေးမကောင်း၍ ဆေးခန်းပြနေရသည်ဟု သတင်းကြားသိရသဖြင့် ကျန်းမာရေးအခြေအနေအား စိုးရိမ်၍ မေးမြန်းဆက်သွယ်လာခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါဆက်သွယ်လာသော ဖုန်းနံပါတ်များအား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဒေါက်တာခိုင်ဆုရည် အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒေါက်တာခိုင်ဆုရည်နှင့် ငြိမ်းချမ်းဦးတို့၏ ပတ်သက်ဆက်နွယ်မှုများနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ ကနဦးတွေ့ရှိရသည်။

ဇွန်လ ၃၀ ရက် နံနက် ၇ နာရီခွဲခန့်တွင်လည်း ဖုန်းဖြင့် ငြိမ်းချမ်းဦးမှအသံဖျက်၍ ပြန်ပေးဆွဲသူအယောင်ဆောင်ကာ ထပ်မံဆက်သွယ်လာပြီး “၎င်းတို့ထံပိုက်ဆံဘယ်တော့လွှဲပေးမလဲ၊ အချိန်ပေးထားတာ ၃ ရက်ရှိသွားပြီဖြစ်ကြောင်း၊၎င်းသည် ငွေသားမလိုဘဲ KBZ Pay ဖြင့်သာ လိုချင်ကြောင်း၊ မလွှဲပေးပါက ငြိမ်းချမ်းဦး
သည် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်စာရင်းထဲသို့ ပါသွားမည်ဖြစ်ကြောင်း၊ ငွေကျပ်သိန်း ၁၀၀ အား ငြိမ်းချမ်းဦး၏ KBZ Pay အကောင့်ထဲသို့သာ လွှဲပေးရန်” ထပ်မံ
ပြောကြားလာသဖြင့် ၎င်းအားဖမ်းဆီးရမိရေး လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တာမွေမြို့နယ်ရှိ ဟိုတယ် တစ်ခုတွင်ငြိမ်းချမ်းဦးနှင့် ဒေါက်တာ ခိုင်ဆုရည် တို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းဦးအနေဖြင့် ရည်းစားဖြစ်သူနှင့် အချိန်ကြာကြာ တွေ့ဆုံနိုင်ရန်အတွက် ဇွန် ၂၇ ရက်နေ့
တွင် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ယခုကဲ့သို့ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ၎င်းအားပြန်ပေးဆွဲခံရသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထွက်
ဆိုခဲ့ကြသဖြင့် ၎င်းတို့အားတရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။