
(နိုင်ငံတကာ) ဇွန် ၂၀
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်း ဘက်ဖို့ဒ် (Bedford) မြို့အနီးတွင် သောကြာနေ့ညနေပိုင်းက ခရီး သည်တင်ရထားနှစ်စီး အရှိန်ပြင်းပြင်း တိုက်မိခဲ့ကြသဖြင့် အနည်းဆုံး လူတစ်ဦး သေ ဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသောကြောင့် အာဏာပိုင်များက ယင်းဖြစ်စဉ်ကို “ကြီးမားသော မတော်တဆမှု” (Major Incident) အဖြစ် အရေးပေါ် ကြေညာလိုက်ရကြောင်း ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
လန်ဒန်အလယ်ပိုင်း စိန့်ပန်ခရက်စ် (St Pancras) ဘူတာသို့ ဦးတည်မောင်းနှင်လာသည့် အရှေ့မစ်လန်းရထားလိုင်း (EMR) မှ ခရီးသည်တင်ရထားနှစ်စီးသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဘက်ဖို့ဒ်မြို့တောင်ဘက်ပိုင်း၌ တိုက်မိခဲ့ကြခြင်းဖြစ်သည်။
မတော်တဆမှုကြောင့် ရထားများ ပြင်းထန်စွာ ပျက်စီးသွားပြီး ရထားလမ်းပေါ်တွင်ပင် ရှိနေဆဲဖြစ်သည်။ အခင်း ဖြစ်ပွားရာနေရာသို့ ဘက်ဖို့ဒ်ရှိုင်းယားရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူနာတင်ရဟတ်ယာဉ်များအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အပြည့်အဝ စေလွှတ်ထားရပြီး၊ ဒဏ်ရာရရှိသူ အယောက် ၅၀ ခန့်အထိ ရှိလာနိုင်သဖြင့် ဘက်ဖို့ဒ်ဆေးရုံကိုလည်း အရေးပေါ်အခြေအနေ ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
မျက်မြင်သက်သေ ခရီးသည်တစ်ဦးဖြစ်သူ ပိထ် နက်ပ် (Pete Knapp) က “ရထားက ရှေ့ထိုင်ခုံနဲ့ အရှိန်ပြင်းပြင်း သွားဆောင့်မိပြီး မီးခိုးတွေ ထွက်လာတယ်။ လူတွေ ငိုယိုအော်ဟစ်နေကြပြီး ခြေထောက်ကျိုးသွားတဲ့သူတွေ၊ စကားတောင် မပြောနိုင်တော့တဲ့သူတွေ အများကြီးတွေ့ခဲ့ရတယ်” ဟု တုန်လှုပ်ခြောက်ခြားဖွယ် မြေပြင်အခြေအနေကို ပြောကြားခဲ့သည်။
အခြားခရီးသည်တစ်ဦးကလည်း မတော်တဆမှုမဖြစ်မီ မည်သည့် သတိပေးချက် သို့မဟုတ် နှိုးဆော်သံမျှ မကြား လိုက်ရဘဲ ရုတ်တရက် အရှိန်ပြင်းပြင်း ဆောင့်မိသွားခြင်းသာဖြစ်ကြောင်း ဆိုသည်။ ယခုဖြစ်စဉ်ကြောင့် လန်ဒန်စိန့်ပန်ခရက်စ်ဘူတာနှင့် ချိတ်ဆက်ထားသော ရထားခရီးစဉ်အားလုံးကို ညတွင်းချင်း ဖျက်သိမ်းလိုက်ရသဖြင့် ခရီးသည်များ ခရီးစဉ်ရွှေ့ဆိုင်းကြရန် သတိပေးထားသည်။
ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟိုင်ဒီ အလက်ဇန္ဒား က X (တွစ်တာ) လူမှုကွန်ရက်ပေါ်တွင် “ဒီရထားချင်းတိုက်မိတဲ့ သတင်းကြောင့် အပြင်းအထန် စိုးရိမ်ပူပန်မိပါတယ်။ ထိခိုက်ခံရသူတွေကို ကူညီပေးနေတဲ့ အရေးပေါ်အဖွဲ့တွေကို ကျေးဇူးတင်ပြီး ခရီးသည်တွေကို ပံ့ပိုးပေးနိုင်ဖို့ လုပ်ငန်းကဏ္ဍအသီးသီးနဲ့ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ရေးသားခဲ့သည်။
ဗြိတိန်ကျန်းမာရေးဝန်ကြီး ဂျိမ်းစ် မာရေး ကလည်း ဒဏ်ရာရရှိသူများအတွက် ရှေးဦးသူနာပြုအဖွဲ့များက အစွမ်းကုန်ကူညီပေးနေပြီး အခြေအနေများကို မိမိထံ အမြဲမပြတ် သတင်းပို့ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN