အရှုပ်တော်ပုံများနှင့် ပါတီတွင်းဖိအားများကြောင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ၊ ဝါရင့်အမတ် အင်ဒီ ဘန်ဟမ် ခေါင်းဆောင်သစ်ဖြစ်လာရန် ရေပန်းစားနေ     

(နိုင်ငံတကာ) ဇွန် ၂၂                                  

   ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် ၎င်း၏ မူဝါဒပိုင်းဆိုင်ရာ အမှားအယွင်းများနှင့် ဆက်တိုက်ထွက်ပေါ်ခဲ့သော အရှုပ်တော်ပုံများကြောင့် လေဘာပါတီ (Labour Party) အတွင်းမှ ပြင်းထန်သော ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၂ ရက်(တနင်္လာနေ့)တွင် လန်ဒန်မြို့ရှိ ၁၀ ဒေါင်းနင်းလမ်း (10 Downing Street) အပြင်ဘက်၌ သတင်းထောက်များကို တရားဝင် အသိပေး ပြောကြားခဲ့သည်။                     

    ၂၀၂၄ ခုနှစ်က လေဘာပါတီကို ၁၄ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် မဲအပြတ်အသတ်ဖြင့် ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့သော်လည်း၊ ရာထူးသက်တမ်း နှစ်နှစ်ပင်မပြည့်သေးမီ ပါတီတွင်း လွှတ် တော်အမတ်များ၏ ယုံ ကြည်မှုလျော့နည်းလာခြင်းနှင့် မကြာသေးမီက အင်္ဂလန်အနောက်မြောက်ပိုင်း မေကာဖီးလ်ဒ် (Makerfield) ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်း၏ အဓိကပြိုင်ဘက် ဝါရင့်နိုင်ငံရေး သမား အင်ဒီ ဘန်ဟမ် (Andy Burnham)က အပြတ်အသတ် အနိုင်ရရှိကာ လွှတ်တော်ထဲသို့ ပြန်လည်ဝင်ရောက်လာခြင်းတို့က စတာမာကို ရာထူးမှ နုတ်ထွက်ရန် ဖြစ်လာစေခဲ့သည်။                               

     စတာမာသည် နုတ်ထွက်ကြောင်း ကြေညာစဉ် ၎င်း၏ စွမ်းဆောင်ရည်များဖြစ်သော စီးပွားရေးတိုးတက်မှု၊ လုပ်ခလစာမြှင့်တင်မှုနှင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု (NHS) လူနာစောင့်ဆိုင်းစာရင်း လျှော့ချနိုင်ခဲ့မှုများကို ကာကွယ်ပြောကြားခဲ့ပြီး၊ မိန့်ခွန်းအဆုံးသတ်တွင် ၎င်း၏ ဇနီးဖြစ်သူ ဗစ်တိုးရီးယားအား ကျေးဇူးတင်စကားဆိုရင်း အသံများတုန်ရင်ကာ စိတ်လှုပ် ရှားခဲ့ရသည်။                  

    တစ်ချိန်တည်းတွင် လေဘာပါတီ ခေါင်းဆောင်ဟောင်း ဂျေရမီ ကိုဘင် (Jeremy Corbyn)ကမူ စတာမာသည် ကလေးသူ ငယ်ဆင်းရဲမွဲတေမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုများကို အဆုံးမသတ်ပေးနိုင်ခဲ့ဘဲ အရပ်ဘက်လွတ်လပ်ခွင့်များကို ဖျက်ဆီးကာ ဂါဇာဒေသ လူမျိုးတုံးသတ်ဖြတ်မှုတွင် ကူညီပေးခဲ့သည်ဟု ပြင်းထန်စွာ ဝေဖန်စွပ်စွဲခဲ့သည်။

     လက်ရှိတွင် အသက် ၆၃ နှစ်အရွယ် ရှေ့နေဟောင်း ကီယာ စတာမာသည် ၎င်း၏ ရာထူးကို ဒုတိယဝန်ကြီးချုပ် ဒေးဗစ် လာမီ ထံသို့ ချက်ချင်းလွှဲပြောင်းပေးခြင်းမပြုဘဲ၊ လာမည့် ဇူလိုင်လ ၉ ရက်တွင် ပါတီခေါင်းဆောင်သစ်အဆိုပြုလွှာများ စတင်ခေါ်ယူကာ စက်တင်ဘာလ လွှတ် တော်ပြန်မစတင်မီ ခေါင်းဆောင်သစ် ရွေးချယ်နိုင်မည့် ကာလတစ်လျှောက်လုံး ယာယီဝန်ကြီးချုပ် (Caretaker) အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ပြီး၊ ဆက်ခံမည့်သူအား အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိန်ဘုရင်ထံ အကြောင်းကြားထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN