မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးနှင့် UNESCO အသိအမှတ်ပြုမှုများ တိုးချဲ့ဆောင်ရွက်ရန် ဒုတိယသမ္မတ တိုက်တွန်း

(ပြည်တွင်း) ဇွန် ၂၀

နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းရန်နှင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြု၍ ပြန်လည်ဖော်ထုတ်ရန် အရေးကြီးကြောင်း ထောက်ပြပြောကြားသည်။

မြန်မာနိုင်ငံ၏ သမိုင်းအမွေအနှစ်များသည် နှစ်ပေါင်းထောင်ချီတည်တံ့လာခဲ့ပြီး လူသားမျိုးနွယ်၏ အစောဆုံးကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကျောက်ခေတ်၊ ကြေးခေတ်နှင့် သံခေတ်သမိုင်းများပါ တစ်ဆက်တစ်စပ်တည်းတည်ရှိခဲ့ကြောင်း၊ ပျူခေတ်ယဉ်ကျေးမှုထွန်းကားမှုအနေဖြင့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၄ ခုနှစ်၌ ထည့်သွင်းခံခဲ့ရကြောင်း ပြောကြားသည်။

ထို့အပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ၂၀၁၉ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ဗိသုကာလက်ရာ၊ နံရံပန်းချီနှင့် ရေစီမံခန့်ခွဲမှုစနစ်များသည် အဆင့်မြင့်ဖန်တီးနိုင်စွမ်းကို ထင်ဟပ်စေကြောင်း ထည့်သွင်းပြောကြားသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ပုံပြင်နှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် တိုင်းရင်းသားလူမျိုးစုအသီးသီးတွင် တည်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် ကျင်းပသည့် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ၌ မြန်မာ့အတာသင်္ကြန်ပွဲတော်ကို လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့် လက်ဖက်ယဉ်ကျေးမှုတို့ကိုလည်း UNESCO သို့ တင်သွင်းထားပြီး ထမနဲယဉ်ကျေးမှုကိုလည်း ဆက်လက်တင်သွင်းရန် ဆောင်ရွက်နေကြောင်း ဖော်ပြသည်။

ဒုတိယသမ္မတက ဆိုရှယ်မီဒီယာများနှင့်အတူ ဝင်ရောက်လာသည့် နိုင်ငံခြားယဉ်ကျေးမှုလွှမ်းမိုးမှုများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုအနုပညာများကို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများဖြင့် ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားသည်။

ထို့အပြင် ကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်း၊ ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN