(ပြည်တွင်း) ဇွန် ၁၈
အွန်လိုင်းလိမ်လည် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိတရားမဝင် ၇ ထပ်လူနေအဆောက်အအုံ ၁ လုံးကို ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး ဖြိုချဖျက်ဆီးလျက်ရှိရာ ယမန်နေ့ကဖောက်ခွဲ၍ ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့်အဆောက်အအုံ ၂၀ လုံးအနက် ၇ထပ် လူနေအဆောက်အအုံ ၁ လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်း ကစားလုပ်ငန်းများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၀ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၁၇ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN