နှစ်လုံး၊ သုံးလုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသမီးတစ်ဦး အဖမ်းခံရ

(မှုခင်း) ဇွန် ၁၈

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေးအနီးတွင် ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကုန်သည်လမ်းမှ စဝ်စံထွန်းလမ်းသို့ မသင်္ကာဖွယ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား သက်သေများရှေ့တွင် အမျိုးသမီးရဲမေမှ စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာမှ ရရှိသည့် ငွေစက္ကူရောရာ ၁၃၀,၀၀၀ ကျပ်နှင့်အတူ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်ထားသည့် မှတ်တမ်းစာရွက်များအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်လုံး၊သုံးလုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသမီးအား တောင်ကြီးမြို့မရဲစခန်းတွင် လောင်းကစားဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN