အီရန်စစ်ပွဲအဆုံးသတ်ပြီးနောက် ပင်လယ်ကွေ့ဒေသသည် စုပေါင်းလုံခြုံရေးကို ဘယ်လိုစီမံခန့်ခွဲကြမလဲ ?

(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၁၃

     ဝါရှင်တန်နှင့် တီဟီရန်တို့သည် ရေရှည်အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်တစ်ခုဆီသို့ ဦးတည်ရွေ့လျားနေကြစဉ်၊ ပင်လယ်ကွေ့နိုင်ငံများသည် ၎င်းတို့ကိုယ်တိုင် စတင်ခဲ့ခြင်းမဟုတ်သည့် ၎င်းတို့ဒေသတွင်းမှ စစ်ပွဲတစ်ခု နောက် ဆုံးတွင် ပြီးဆုံးသွားသည့်အခါ ရေရှည်လုံခြုံရေးဆိုင်ရာ ဖြေရှင်းချက်အသစ်များကို ရှာဖွေကြဖွယ်ရှိသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်နှင့် သဘောတူညီချက်ရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ် ကြောင်းနှင့် လက်မှတ်ရေးထိုးမည့် “အချိန်” နှင့် “နေရာ” ကို မကြာမီ ကြေညာတော့မည်ဖြစ်ကြောင်း ပြောကြားကာ အီရန်အပေါ် ထပ်မံတိုက်ခိုက်မည့် အစီအစဉ်များကို ပယ်ဖျက်လိုက်ပြီးနောက် ယခုအခြေအနေ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

     တီဟီရန်တွင်မူ အရာရှိများက ပိုမိုသတိထားရမည့်ပုံစံရှိနေပြီး၊ အဆင့်မြင့်အီရန်အရာရှိတစ်ဦးက အစိုးရအနေဖြင့် ဝါရှင်တန်နှင့် ချုပ်ဆိုရန် အဆိုပြုထားသည့် နားလည်မှုစာချွန်လွှာ (MoU)ကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း အယ်လ်ဂျာဇီးယား (Al Jazeera)သို့ ပြောကြားခဲ့သည်။

     ထို့နောက်တွင် ထွက်ပေါ်လာသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) ၏ မှတ်ချက်စကားများက သဘောတူညီချက်တစ်ခု ရရှိတော့မည့်အခြေအနေကို ညွှန်ပြနေပြီး၊ လာမည့်ရက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်လာမည့် အခြေ အနေများသည် ဒေသတွင်း စုပေါင်းလုံခြုံရေးအပေါ် အရေးပါသော ရိုက်ခတ်မှုများ ရှိလာနိုင်ပါသည်။

ပင်လယ်ကွေ့အပေါ် တိုက်ခိုက်မှုများ

     နိုင်ငံခြားဆက်ဆံရေးကောင်စီ(CFR)၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည် ထောင်စု (UAE)တို့ရှိ အမြဲတမ်းအခြေစိုက်စခန်းများ အပါ အဝင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA) ဒေသတစ်လွှားရှိ နေရာအနည်းဆုံး ၁၉ နေရာတွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို လည်ပတ်ထားသည်။ အီရန်အပေါ် စစ်ပွဲမစတင်မီက အဆိုပါဒေသတစ်လွှား၌ အမေရိကန်တပ်ဖွဲ့ဝင် ၄၀,၀၀၀ မှ ၅၀,၀၀၀ ကြား ဖြန့်ကြက်ချထားခဲ့သည်။

     ဤအမေရိကန်-ပင်လယ်ကွေ့ ဆက်နွှယ်မှုသည် ၎င်းနိုင်ငံများကို ဒေသတွင်းအခြားနေရာများ၌ ဖြစ်ပွားနေသော ပဋိ ပက္ခများမှ ကာကွယ်ပေးထားသည့်သဖွယ် ဖြစ်ခဲ့သော် လည်း၊ လွန်ခဲ့သည့် လေးလတာကာလအတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို လက်ခံအခြေစိုက်ခွင့်ပြုထားသည့် ပင်လယ်ကွေ့နိုင်ငံများသည် အီရန်၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

    “၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဒေသတွင်းမှာ လွှမ်းမိုးထားတဲ့ လုံခြုံရေးပုံစံကို ဖော်ပြရမယ်ဆိုရင်၊ လုံခြုံ ရေးမဟာမိတ်ပြုခြင်း (Security partnerships) ဆိုတဲ့ အယူအဆက အကောင်းဆုံး ထင်ဟပ်စေပါတယ်” ဟု အရှေ့အလယ်ပိုင်းနိုင်ငံရေးဆိုင်ရာ ပညာရှင်နှင့် ကျွမ်းကျင်သူ မာဂျွန်း အယ်လ်-ဇူဝေရီ (Mahjoub Al-Zuwairi) က ပြောကြားခဲ့သည်။
     “ဒေသတွင်းနိုင်ငံတွေဟာ သူတို့ရဲ့လုံခြုံရေးကို ကျယ်ပြန့်တဲ့ နိုင်ငံတကာမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ဒီပုံစံဟာ သင့်လျော်တဲ့ ဟန့်တားမှုစွမ်းရည်နဲ့ အစားထိုးဖို့ခက်ခဲတဲ့ ထောက်ပံ့ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ အတိမ်အနက်ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်”  ၎င်းက ဆိုသည်။

အပေါက်အပြဲများဖြင့် လုံခြုံရေးထီးရိပ်

     အီရန်အပေါ် ဆင်နွှဲသည့်စစ်ပွဲက ရှေ့နောက်မညီသော ကိစ္စတစ်ခုကို ဖော်ထုတ်ပြသခဲ့သည် – အီရန်အရာရှိများ သည် ၎င်းတို့၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများကို “ညီအစ်ကိုများ” ဟု အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုခဲ့ကြသော်လည်း၊ စစ်ပွဲအတွင်း ၎င်းတို့ကို အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

     မိမိတို့မြေပေါ်မှ အီရန်အပေါ် မည်သည့်တိုက်ခိုက်မှုမျှ မလုပ် ဆောင်ခဲ့ကြောင်း ပင်လယ်ကွေ့နိုင်ငံများက ကန့်ကွက်ပြောဆိုခဲ့ကြသော်လည်း၊ ၎င်းတို့သည် အကြိမ်ကြိမ် ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

     ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ဆင်ရေး စတင်ခဲ့ပြီးကတည်းက အီရန် ၏ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများဟု သံသယရှိရသော ဖြစ်စဉ်များကြောင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခြောက်နိုင်ငံတစ်လွှားတွင် အနည်းဆုံး လူ ၂၈ ဦး သေ ဆုံးခဲ့သည်။ ယင်းက အမေရိကန်-ပင်လယ်ကွေ့ လုံခြုံရေးအစီ အမံအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည်။

      “ဒီစစ်ပွဲကိုယ်တိုင်ကပဲ အဲဒီလုံခြုံရေးခံစားချက်ကို ထိုးဖောက် ဖျက်ဆီးလိုက်တာဖြစ်ပြီး၊ အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ်ဟာ အဆိုးဆုံးပြောရရင် သေဆုံးလုနီးပါး ဖြစ်နေပြီ၊ ဒါမှမဟုတ် အကောင်းဆုံးပြောရရင် ထိရောက်မှုမရှိတော့ပါဘူး” ဟု လန်ကက်စတာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဆိုင်မွန် မာဘွန် (Simon Mabon) က အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
     “သူတို့ဟာ ကိုယ့်လုံခြုံရေးအတွက် ဒီအပေါ်မှာပဲ ရေရှည်အား ကိုးလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့နယ်မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေ ရှိနေခြင်းက သူတို့ကို တိုက်ရိုက်ပစ်မှတ်တွေ ဖြစ်လာစေခဲ့ပါတယ်။ သူတို့ရဲ့ ပထဝီဝင်အနေအထားကနေ ရုန်းထွက်လို့မရပါဘူး၊ တင်းမာမှုတွေ၊ ရန်လိုမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း အီရန်က ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီပကတိတရားကို ရင်ဆိုင်ဖြေရှင်းမယ့် နည်းလမ်းကို ရှာဖွေရပါလိမ့်မယ်”

စစ်ပွဲ၏ စီးပွားရေးအရင်းအနှီး

     ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှု သည် ၎င်းတို့၏ စွမ်းအင်အပေါ် မှီခိုနေရသော စီးပွားရေးကို ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများဆီသို့ ကွဲပြားအောင် ပြောင်းလဲလုပ်ဆောင်နေသည့် အချို့သော ပင်လယ်ကွေ့နိုင်ငံများအတွက် အခက်အခဲတစ်ခု ဖြစ်စေခဲ့သော်လည်း၊ အားလုံးအပေါ် သက်ရောက်မှုမှာ တန်းတူညီမျှမှု မရှိခဲ့ပေ။

     ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ရေနံတင်ပို့မှုအချို့ကို ပင်လယ်နီသို့ ဦးတည်သည့် အရှေ့-အနောက် ပိုက်လိုင်းမှတစ် ဆင့် လမ်းကြောင်းပြောင်းလဲနိုင်ခဲ့ပြီး၊ ၎င်း၏ အဓိကဆိပ်ကမ်းများမှာ ဟော်မုဇ်ရေလက်ကြားအပြင်ဘက်တွင်ရှိသော အိုမန်နိုင်ငံသည်လည်း မြင့်တက်လာသော စွမ်းအင်စျေးနှုန်းများကြောင့် အကျိုးအမြတ် ရရှိခဲ့သည်။

     အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဘာရိန်း၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့မှာမူ ၎င်းတို့၏ စွမ်းအင်တင်ပို့မှုအတွက် အဆိုပါရေလမ်းကြောင်းအပေါ် မှီခိုနေရသဖြင့် သက်ရောက်မှု ပိုမိုပြင်းထန်စွာ ခံစားခဲ့ရသော်လည်း၊ ဤစစ်ပွဲသည် ရေရှည်တည်ရှိလာခဲ့သော လုံခြုံရေးနှင့် စီးပွား ရေးအစီအမံများအပေါ် အတွေးအမြင်သစ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးခဲ့သည်။

     “ပိုက်လိုင်းအသစ်တွေကို တည်ဆောက်နေကြပေမယ့်၊ ဒီအခြားရွေးချယ်စရာတွေရဲ့ သယ်ယူပို့ဆောင်နိုင်စွမ်းဟာ ရေ လက်ကြားကိုယ်တိုင်နဲ့စာရင် အဆမတန် သေးငယ်လွန်းနေပါသေးတယ်” ဟု မာဘွန်က ဆိုသည်။ “ဒါကို အစားထိုးနိုင်ဖို့ အနီးစပ်ဆုံးအဆင့်ထိ ရောက်လာဖို့တောင်မှ ကြီးမားတဲ့ ရင်းနှီးမြှုပ် နှံမှုတွေနဲ့ နှစ်ပေါင်းများစွာ အကောင် အထည်ဖော် တည်ဆောက်မှုတွေ လိုအပ်ပါလိမ့်မယ်”

အီရန်နှင့် ပိုမိုနီးကပ်လာသလား

     ယခုပဋိပက္ခမှ ရရှိနိုင်သည့် သင်ခန်းစာတစ်ခုမှာ ပင်လယ်ကွေ့နိုင်ငံများသည် အီရန်နှင့် ထိပ်တိုက်တွေ့ဆုံခြင်းထက် ဆွေးနွေးဖက်လုပ်ဆောင်ခြင်းကို ရှာဖွေလာနိုင်သည်ဟူသောအချက် ဖြစ်ပြီး၊ ယင်းမှာ အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲ မစတင်မီကတည်းက ပင်လယ်ကွေ့နိုင်ငံများဘက်မှ အခြေခံအုတ်မြစ်အချို့ ချမှတ်ထားပြီးဖြစ်သည့် ကိစ္စလည်း ဖြစ်သည်။

     ယူအေအီး (UAE) နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တီဟီရန်နှင့် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့ပြီး၊ တစ်နှစ်အကြာတွင် ဆော်ဒီအာရေဗျနှင့် အီရန်တို့သည် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်ဖြင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် သဘောတူခဲ့ကြသည်။

     အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက(MENA) ဒေသတွင်းနိုင်ငံများက ဦးဆောင်မည့် ဒေသတွင်းလုံခြုံရေးအစီ အမံများအတွက် ၂၀၁၉ ခုနှစ် ဟော်မုဇ်ငြိမ်းချမ်းရေးအစပြုမှု (Hormuz Peace Initiative) တွင် စိတ်ကူးပုံဖော်ထားသည့် စီမံကိန်းများကို ယခုပဋိပက္ခက ပြန်လည်အသက်သွင်းပေးနိုင်ကြောင်း အယ်လ်-ဇူဝေရီက ဆိုသည်။ အဆိုပါအစပြုမှုသည် အီရန်၊ အီရတ်နှင့် ဂျီစီစီ (GCC) ခြောက်နိုင်ငံ ပါဝင်မည့် ပင်လယ် ကွေ့လုံခြုံရေးမူဘောင်တစ်ခုကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

     သို့သော်လည်း ထိုအချိန်ကတည်းက အထူးသဖြင့် တီဟီရန်၏ ၎င်း၏ပင်လယ်ကွေ့အိမ်နီးချင်းများအပေါ် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မယုံကြည်မှုများက ယင်းကဲ့သို့ မဟာမိတ်ဖွဲ့စည်းမှုကို မကြာမီကာလအတွင်း ဖြစ်နိုင်ခြေနည်းပါးစေပါလိမ့်မည်။

     “မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ရဲ့ လုံခြုံရေးစနစ်ကို ပြန်လည်သုံးသပ်ဖို့ တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု အယ်လ်-ဇူဝေရီက ပြောကြားခဲ့သည်။
     “တီဟီရန်အနေနဲ့ အိမ်နီးချင်းမြို့ကြီးတွေပေါ်ကို ဒုံးကျည်တွေ မိုးရွာသလို ပစ်ခတ်နေရင်းနဲ့ ကျူးကျော်တိုက်ခိုက်မှုမပြုရေး သဘောတူညီချက်ကို ဘယ်လိုမျိုး ကမ်းလှမ်းနိုင်မှာလဲ။ ဒီအစပြုမှုဟာ သီအိုရီအရ ကောင်းမွန်ပုံရပေမယ့် အီရန်ရဲ့ အပြုအမူတွေ မပြောင်းလဲသရွေ့တော့ လက်တွေ့မှာ လုံးဝအလုပ်မဖြစ်နိုင်ပါဘူး”

ဝါရှင်တန်၏ အလွန်ကို မျှော်ကြည့်ခြင်းလား

     ပင်လယ်ကွေ့နိုင်ငံများအတွက် ဖြေရှင်းချက်မှာ ဝါရှင်တန်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး တစ်ဖက်တွင်လည်း ပြည် တွင်း ကာကွယ်ရေးလုပ်ငန်းများ၌ ပိုမိုရင်းနှီးမြှုပ်နှံခြင်း အပါ အဝင် အခြားသော ဒေသတွင်းနှင့် ပြည် တွင်းရွေးချယ်စရာများကို ရှာဖွေသည့် ပေါင်းစပ်ပုံစံ အစီ အမံတစ်ခု ဖြစ်နိုင်ပါသည်။

     ယင်းအတွက် ဖြစ်နိုင်ခြေရှိသော ပုံစံငယ်တစ်ခုမှာ ပြီးခဲ့သည့် စက်တင်ဘာလက ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့အကြား ချုပ်ဆိုခဲ့သည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက် ဖြစ်နိုင်ပြီး၊ ယင်းတွင် နိုင်ငံတစ်နိုင်ငံအား တိုက်ခိုက်ခြင်းကို နှစ်နိုင်ငံစလုံးအား တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်မည်ဟု ဖော်ပြထားသည်။

     သို့သော်လည်း ယခင်က အမေရိကန်၏ စွန့်ပစ်ခြင်းကို ခံရသည်ဟု ပင်လယ်ကွေ့နိုင်ငံများ ခံစားခဲ့ရသည့် ဖြစ်စဉ်များတွင်မူ ကွဲပြားသော တုံ့ပြန်မှုများ ရှိခဲ့ဖူးပြီး၊ ယူအေအီးနှင့် ဘာရိန်းတို့သည် အစ္စရေးနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့ကြသော် လည်း စံနမူနာအသစ်တစ်ခုအရ လုံခြုံရေးပြဿနာအပေါ် ပိုမိုစုပေါင်းလုပ်ဆောင်သည့် အရေးယူဆောင်ရွက်မှုမျိုးကို စဉ်းစားလာနိုင်ပါသည်။

      “ဘယ်လောက်ပဲ ကြွေးကြော်သံတွေ ထုတ်နေပါစေ၊ အာမခံ ပေးသူတိုင်းဟာ အဓိကအားဖြင့် ကိုယ့်အကျိုးစီးပွားကိုပဲ ကိုယ်ကာကွယ်တာဖြစ်တယ်ဆိုတာကို ဒီစစ်ပွဲက သက်သေပြလိုက်တာပါပဲ” ဟု အယ်လ်-ဇူဝေရီက ဆိုသည်။

     “ဒီဒေသဟာ သူတို့ကိုယ်တိုင် မရွေးချယ်ခဲ့တဲ့ စစ်ပွဲအတွက် ပေးဆပ်လိုက်ရတာဖြစ်ပါတယ်။ ပင်လယ်ကွေ့ရဲ့ လုံခြုံရေးဆိုတာ ဝါရှင်တန်မှာ ဖန်တီးမှာမဟုတ်ပါဘူး။ ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ ဒါကို မိမိတို့ဘာသာ တည် ဆောက်ရမယ်ဆိုတာကို သဘောပေါက်တဲ့အခါမှသာ ဖန်တီးနိုင်မှာဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မီးလောင်တဲ့အခါမှာ မီးတောက်နဲ့ အနီးဆုံးလူတွေကပဲ အမြဲတမ်း ပေးဆပ်ရလေ့ရှိလို့ ဖြစ်ပါတယ်”

     စစ်ပွဲက ပြတ်ပြတ်သားသား သက်သေပြလိုက်သည်မှာ မည်သည့်အင်အားကြီးနိုင်ငံမဆို ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ပထမဦးစားပေး ကာကွယ်တတ်ကြသည်ဟူသောအချက် ဖြစ်သည်။ ပင်လယ်ကွေ့ဒေသ၏ ရေရှည်တည်ငြိမ်မှုနှင့် လုံခြုံ ရေးစနစ်အစစ်အမှန်သည် ဝါရှင်တန်မြို့တော်တွင် ပေါ်ပေါက်လာမည်မဟုတ်ဘဲ၊ “မီးလောင်လျှင် မီးတောက်နှင့် အနီးဆုံးလူကသာ ပေးဆပ်ရသည်” ဟူသော လက်တွေ့တရားကို မြင်အောင်ကြည့်ကာ မိမိတို့ဘာသာ စုပေါင်းတည်ဆောက်ကြမည့် ပင်လယ် ကွေ့နိုင်ငံများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်တွင်သာ လုံးဝမူတည်နေတော့မည် ဖြစ်ပါသတည်း။
(Al Jazeera သတင်းဌာနမှ Caolán Magee ၏ How the Gulf will manage collective security after the Iran war ends သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို မှီငြမ်းထားပါသည်။)

Telegram»…
https://t.me/positiveanglenews

#PAN