ပါကစ္စတန်စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အာဖဂန်အရပ်သား ၁၃ ဦး သေဆုံး၊ နယ်စပ်အပစ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြား

(နိုင်ငံတကာ) ဇွန် ၁၀

     ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ဒေသများကို လေကြောင်းမှ ရုတ်တရက် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦး အပါအဝင် အနည်းဆုံး အာဖဂန်အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာလီဘန်အစိုးရက ဗုဒ္ဓဟူး နေ့တွင် ထုတ်ဖော်စွပ်စွဲလိုက်သည်။

     ယခုတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လက နှစ်ဖက်ရရှိထားခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း လုံးဝပျက်ပြားသွားပြီဖြစ်သည်။

     အာဖဂန်နစ္စတန် တာလီဘန်အစိုးရ၏ ပြန်ကြားရေးပြော ရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid)၏ ထုတ်ပြန်ချက်အရ အင်္ဂါနေ့နှောင်းပိုင်းတွင် ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံ ကူနာ (Kunar)၊ ကို့စ်တ် (Khost) နှင့် ပက်တီကာ (Paktika) ပြည်နယ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
      “ဒီလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရာဇ၀တ်မှုနဲ့ ရန်လိုကျူးကျော်တဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားထားသည်။

     ဒေသတွင်း သတင်းရင်းမြစ်များနှင့် AFP သတင်းဌာနတို့၏ ဖော်ပြချက်အရ ကို့စ်တ်ပြည်နယ်၊ စပီရာ (Spera) ခရိုင်ရှိ အရပ် သားနေအိမ်တစ်လုံး ဗုံးထိမှန်ခဲ့သဖြင့် လူ ၉ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

     အလားတူ ပက်တီကာပြည်နယ်၊ ဘာမယ်လ် (Barmal) ခရိုင်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးကာ ကလေးငယ် ၃ ဦး ထပ်မံသေဆုံးခဲ့ရသည်။ သေဆုံးသူ စုစုပေါင်း ၁၃ ဦးတွင် ကလေးငယ် ၁၁ ဦး၊ အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

     ပါကစ္စတန်အစိုးရဘက်ကမူ ယခုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း၊ ၎င်းတို့သည် အာဖဂန်နစ္စတန်အတွင်း ခိုလှုံနေသည့် “ပါကစ္စတန်တာလီဘန် (TTP)” တိုက်ခိုက်ရေးသမားများကိုသာ ပစ်မှတ်ထားလေ့ရှိကြောင်း ယခင်က ထုတ်ဖော်ပြောဆိုဖူးသည်။

     ယခုလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းက ပါကစ္စတန်အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ်ရှိ လုံခြုံရေးကင်းစခန်းတစ်ခုကို TTP အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် ဖက်ဒရယ်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ရမှုအပေါ် ပါကစ္စတန်ဘက်က လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

     ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ဒုတိယအကြိမ် အာဏာရလာကတည်းက အိမ်နီးချင်း ပါကစ္စတန်နှင့် ဆက်ဆံရေးမှာ အမြဲတမ်း တင်းမာနေခဲ့သည်။ မိမိတို့နိုင်ငံအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် TTP အဖွဲ့ကို အာဖဂန်တာလီဘန်တို့က မြေဆီကျွေး ခိုလှုံခွင့်ပေးထားကြောင်း ပါကစ္စတန်က စွပ်စွဲထားပြီး၊ အာဖဂန်ဘက်ကမူ ၎င်းတို့သည် မည်သည့်အဖွဲ့ကိုမျှ ခိုလှုံခွင့်မပေးထားဘဲ ပါကစ္စတန်ကသာ အာဖဂန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်နေကြောင်း တုံ့ပြန်ငြင်းဆိုထားသည်။

     ကုလသမဂ္ဂ (UN) ၏ ယခုနှစ် မေလထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၏ ပထမ ၃ လပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တိုက်ပွဲများကြောင့် အာဖဂန်အရပ်သား ၃၇၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN