
(နိုင်ငံတကာ) ဇွန် ၁၂
အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၌ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများ ရင် ဆိုင်နေရစဉ်အတွင်း သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) အစိုးရ၏ စီးပွားရေးမူဝါဒများကို ဆန့်ကျင်ကန့် ကွက်ရန်အတွက် အင်ဒိုနီးရှားကျောင်းသား ၁,၅၀၀ ခန့်သည် မြို့တော် ဂျာကာတာ၏ လမ်းမများပေါ်သို့ ထွက်၍ ယနေ့တွင် ဆန္ဒပြခဲ့ကြသည်။
“အင်ဒိုနီးရှားနိုင်ငံ ဒေဝါလီခံရမည့် လမ်းကြောင်းသို့” ဟု အမည်ပေးထားသည့် အဆိုပါဆန္ဒပြပွဲတွင် တက္ကသိုလ်ကျောင်း သားများသည် ကိုယ်စားပြု အဝါရောင်ဂျာကင်အင်္ကျီများကို ဝတ် ဆင်ကာ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲအပြီး၌ ဂျာကာတာမြို့လယ်ရှိ ‘ဟိုတယ် အင်ဒိုနီးရှား’ မီးပွိုင့်အဝိုင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲအတွင်း ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များဘက်မှ ရဲနှင့် စစ်သား ၆,၀၀၀ ခန့်အထိ ဖြန့်ကြက်ချထားခဲ့သည်။
ဆန္ဒပြသူများသည် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ လျှော့ချပေးရန် အပါအဝင် အဓိကတောင်းဆို ချက် ၅ ချက်ကို တောင်းဆိုခဲ့ကြသည်။
လက်ရှိတွင် အင်ဒိုနီးရှားရူပီးယား (Rupiah) ငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁၈,၀၀၀ ရူပီးယားအထိ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ စံချိန်တင်ကျဆင်းသွားခဲ့ပြီး၊ အစိုးရက စက်သုံးဆီဈေးနှုန်းကို ၃၂ ရာ ခိုင်နှုန်းအထိ မြှင့်တင်လိုက်ခြင်းက ပြည်သူများကို ဒေါသထွက်စေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သောကြာနေ့က ဆန္ဒပြသူများသည် ပစ်မှတ်ထားသည့် အသုံးစရိတ်များကို ပိုမိုထိရောက်စွာ သုံးစွဲရန် တောင်းဆိုခဲ့ကြသည်။ ဥပမာအားဖြင့် ဆင်းရဲမွဲတေမှုနှင့် အာဟာရချို့တဲ့မှုကို လျှော့ချရန် ရည်ရွယ်သည့် တစ်နှစ်လျှင် ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျသော အခမဲ့ကျောင်းမုန့်ကျွေးရေး အစီအစဉ်သည် အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး၊ ဇွန်လအစောပိုင်းတွင် သမ္မတပရာဘိုဝိုက ယင်းအစီအစဉ်၏ အကြီးအကဲကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ကျောင်းသားခေါင်းဆောင်များက အစိုးရအနေဖြင့် စီးပွား ရေးကျပ်တည်းနေသည့် အခြေအနေမှန်ကို ငြင်းပယ်မနေဘဲ အမှားကို ဝန်ခံရန် တောင်းဆိုထားကြသည့်အပြင်၊ အစိုးရအဖွဲ့အတွင်း စစ်တပ်၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာခြင်းကိုလည်း ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထောက်ပြကာ အဆုံးသတ်ပေးရန် တောင်းဆိုထားကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ဩဂုတ်လက ဆန္ဒပြသူများက အိမ်ရာပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုခဲ့ကြစဉ် နောက် ဆုံးအကြိမ်အဖြစ် လူထုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုစဉ်က ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ဖူးသည်။
Telegram»…
https://t.me/positiveanglenews
#PAN