
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၇
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်အပေါ် စတင်ဆင်နွှဲခဲ့သော စစ်ပွဲသည် တနင်္ဂနွေနေ့တွင် ရက်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း တိုက်ပွဲများနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများမှာ တရွေ့ရွေ့ဖြင့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သော် လည်း၊ အဆိုပါ ပဋိပက္ခသည် အမေရိကန်ပြည်သူ လူထုအကြား အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုကို ရင် ဆိုင်နေရဆဲဖြစ်ရာ၊ ယင်းက သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း ၏ ရီပတ်ဘလစ်ကန်ပါတီအတွက် နိုင်ငံရေးအရ ဝန်ထုပ် ဝန်ပိုးတစ်ခု ဖြစ်လာစေ သည်။
စစ်ပွဲမစတင်မီကပင် အမေရိကန်အများစုမှာ အီရန်ကို ဗုံးကြဲတိုက်ခိုက်မည့်အရေးကို ကန့်ကွက်ကြောင်း လူထုသဘောထားစစ်တမ်းများတွင် ပြသခဲ့သည်။ တိုက်ပွဲများ စတင်လာချိန်တွင်လည်း အဆိုပါကိန်းဂဏန်းများမှာ တိုး တက်ကောင်းမွန်လာခြင်း မရှိဘဲ၊ အမေရိကန်မဲဆန္ဒရှင် အများအပြားက ဤစစ်ပွဲသည် မလိုအပ်ဘဲ မိမိတို့နိုင်ငံအတွက် ထိခိုက်နစ်နာစေသည်ဟု ရှုမြင်နေကြသည်။
“တကယ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတာကတော့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို သယ်ပိုးပေးတယ်လို့ ယူဆတဲ့ အမေရိကန်နိုင်ငံသား အလွန်နည်းပါးတာပဲ ဖြစ်ပါတယ်” ဟု စစ်ပွဲနှင့်ပတ်သက်၍ လူထုစစ် တမ်းများ ကောက်ယူခဲ့သည့် မေရီလန်းတက္ကသိုလ်မှ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပါမောက္ခ ရှစ်ဘလီ တဲလ်ဟာမီ (Shibley Telhami) က ပြောကြားခဲ့သည်။
စစ်ပွဲအပေါ် လူထုထောက်ခံမှု ကင်းမဲ့နေခြင်းသည် ကြီးမား သော သက်ရောက်မှုရှိကြောင်း ကျွမ်းကျင်သူများက ဆိုကြပြီး၊ အကြောင်းမှာ ယင်းက ထရမ့်အား ပြည်တွင်း၌ နိုင်ငံရေးအရ အင်အားချည့်နဲ့သွားစေနိုင်သောကြောင့် ဖြစ်သည်။
ဒီမိုကရက်များသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ထိန်းချုပ်ခွင့်ကို ပြန် လည်ရရှိရန် မျှော်လင့်နေကြပြီး၊ အကယ်၍ ရရှိသွားပါက ထရမ့်၏ ကျန်ရှိသော သမ္မတသက်တမ်း တစ်လျှောက် လုပ်ငန်းစဉ်များကို ဟန့်တားပိတ်ဆို့သွားနိုင်ခြေ ရှိသည်။
မေရီလန်းတက္ကသိုလ်၏ အရေးကြီးသော ပြဿနာရပ်များဆိုင်ရာ စစ်တမ်း (Critical Issues Poll)က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် ရလဒ်အရ အမေရိကန်မဲဆန္ဒ ရှင် ၁၆ ရာခိုင်နှုန်းသာလျှင် အမေရိကန်အနေဖြင့် စစ်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သို့မဟုတ် အနိုင်ရနေပြီဟု ယူဆကြကြောင်း သိရသည်။
ဤတွေ့ရှိချက်များက သမ္မတ၏ စစ်ပွဲအောင်နိုင်မှုအပေါ် ထပ်တလဲလဲ အခိုင်အမာ ပြောကြားချက်များကို အမေရိကန်ပြည်သူများက ယုံကြည်ခြင်းမရှိကြောင်း ပြသနေသည်။
အဆိုပါ စစ်တမ်းတွင် မဲဆန္ဒရှင်အများစု (ရီပတ်ဘလစ်ကန်ပါတီဝင် ၃၃ ရာခိုင်နှုန်း အပါအဝင်) က ဤစစ်ပွဲသည် အမေရိကန်၏ အကျိုးစီးပွားအပေါ် အကောင်းဘက်ထက် အဆိုးဘက်သို့သာ ပိုမိုသက်ရောက်မှုရှိစေခဲ့သည်ဟု ဖြေဆိုခဲ့ကြသည်။
နှိုင်းယှဉ်ချက်အရ ဖြေဆိုသူ ၁၂ ရာခိုင်နှုန်း (ရီပတ်ဘလစ်ကန်ပါတီဝင် ၂၅ ရာခိုင်နှုန်း အပါအဝင်) သာလျှင် စစ်ပွဲ၏ သက် ရောက်မှုသည် အဆိုးထက် အကောင်းဘက်သို့ ပိုမိုဦးတည်သည်ဟု ဆိုကြသည်။
တဲလ်ဟာမီက အဆိုပါရလဒ်များကို “အံ့အားသင့်ဖွယ် ရာ” ဟု ခေါ်ဆိုခဲ့သည်။
“စစ်ပွဲဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ပိုပြီး ထိခိုက်စေတယ်ဆိုတဲ့ အကဲဖြတ်ချက်မျိုး ရီပတ်ဘလစ်ကန်တွေကြားထဲမှာပါ ထွက်ပေါ်လာတာဟာ သမိုင်းမှတ်တိုင် အလှည့်အပြောင်းတစ်ခုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအမြင်ဟာ ရီပတ်ဘလစ်ကန်ပါတီထဲက လူကြီးပိုင်းတွေရော လူ ငယ်ပိုင်းတွေကြားမှာပါ တူညီနေတာကြောင့် ဖြစ်ပြီး၊ ဒါဟာ ရှေ့လျှောက် ထရမ့်အတွက် အခက် အခဲတွေ ရှိလာနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟု ၎င်းက Al Jazeera သို့ ပြောကြားခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော ပိတ်ဆို့မှုများ
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်နိုင်ငံအား စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ အဓိပတိခေါင်း ဆောင်ကြီး အလီခါမေနီ (Ali Khamenei) နှင့် ထိပ်တန်းအရာ ရှိ အများအပြား အပါအဝင် အရပ်သား ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
အီရန်ကလည်း အစ္စရေးနှင့် ဒေသတွင်းတစ်ခွင်သို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့ ပြင် စွမ်းအင်ထုတ်ကုန်များအတွက် အဓိကရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ချက်ချင်းပိတ်ပစ်ခဲ့သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေး နှုန်းများ ထိုးတက်သွားခဲ့သည်။
ဧပြီလ ၆ ရက်နေ့တွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိခဲ့သော်လည်း ပင်လယ်ကွေ့အတွင်း၌ ပြောက် ကျားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ဟော်မုဇ်ရေလက် ကြားရှိ အီရန်၏ ပိတ်ဆို့မှုမှာလည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အမေရိကန်ကလည်း အီရန်ဆိပ် ကမ်းများကို မိမိတို့၏ ရေတပ်ဖြင့် ဝိုင်းရံပိတ်ဆို့မှုများ ပြု လုပ်ထားသည်။
နှစ်ဖက်စလုံးသည် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု ထရမ့်က မကြာခဏ အခိုင်အမာ ပြောဆိုနေသော်လည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရ” ဟူသော အခြေ အနေကို အဆုံးသတ်နိုင်မည့် ကြီးမားသော သံတမန်ရေးရာ အလှည့်အပြောင်းမျိုး မရှိသေးပေ။
အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက ပြင်းထန်သော တိုက်ပွဲများ မရှိခဲ့သော်လည်း၊ ယင်းက အမေရိကန်ပြည် တွင်းရှိ ဤပဋိပက္ခအပေါ် ရှုမြင်မှုများကို တိုးတက်ကောင်း မွန်လာစေခြင်း မရှိခဲ့ပါ။
“ဒါဟာ တကယ့်ကို လူထုထောက်ခံမှုမရတဲ့ စစ်ပွဲတစ်ခုပါပဲ” ဟု အဆိုပါပဋိပက္ခနှင့်ပတ်သက်၍ လူထုစစ်တမ်းကောက်ယူခဲ့သည့် ကမ္ဘာ့ရေးရာအဖွဲ့အစည်း (IGA) ၏ အစီအစဉ်ဒါရိုက်တာ ဂျိုနသန် ဂူယာ (Jonathan Guyer) က ပြောကြားခဲ့သည်။
“ဒီစစ်ပွဲက ဒီမိုကရက်တွေထက်စာရင် ရီပတ်ဘလစ်ကန်တွေကြားထဲမှာတော့ နည်းနည်းပိုပြီး ထောက်ခံမှုရပေမယ့်၊ အဲဒီရီပတ်ဘလစ်ကန်တွေထဲမှာတင် ကန့်ကွက်ဆန့်ကျင်သူ အရေ အတွက် ရှိနေတာက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်”
ပြီးခဲ့သည့်လက ကောက်ယူခဲ့သော IGA ၏ စစ်တမ်းအရ ဖြေဆိုသူ ၅၈ ရာခိုင်နှုန်း (ရီပတ်ဘလစ်ကန်ပါတီဝင် ၂၁ ရာခိုင် နှုန်း အပါအဝင်) က ထရမ့်၏ စစ်ပွဲကို ကိုင်တွယ်ဖြေရှင်းပုံအပေါ် မကျေနပ်ကြကြောင်း ပြသနေသည်။ ဤပဋိပက္ခက အမေရိကန်ကို ပိုမိုဘေးကင်းစေသည်ဟု ဖြေဆိုသူမှာ ၂၄ ရာခိုင်နှုန်းသာ ရှိသည်။
နိုင်ငံခြားရေးမူဝါဒသည် မဲဆန္ဒရှင်များ၏ ဦးစားပေးကိစ္စရပ်များတွင် ထိပ်ဆုံးနား၌ တည်ရှိခဲသော်လည်း၊ ဟော်မုဇ်ရေလက် ကြား ပိတ်ဆို့ခံထားရမှုသည် အမေရိကန်ပြည်သူများ၏ အိတ် ကပ်ကို တိုက်ရိုက်ထိမှန်နေပြီး ငွေကြေးဖောင်း ပွမှုကို ပိုမိုဆိုး ရွားစေလျက်ရှိသည်။ အမေရိကန်ပြည်သူများသည် ထိုဆက်စပ်မှုကို ကောင်းစွာသတိပြုမိကြပုံရသည်။ IGA ၏ စစ်တမ်းအရ ရီပတ်ဘလစ်ကန်၊ ဒီမိုကရက်နှင့် တစ်သီးပုဂ္ဂလ မဲဆန္ဒရှင် အများစုအပါအဝင် မဲဆန္ဒရှင် ၇၉ ရာခိုင်နှုန်းက ဤစစ်ပွဲသည် အမေရိကန်ပြည်တွင်းရှိ “လူနေမှုစရိတ်အပေါ် သက်ရောက်မှုရှိနေသည်” ဟု ဖြေဆိုခဲ့ကြသည်။
တဲလ်ဟာမီက ယခုအခါ ဤပဋိပက္ခသည် အမေရိကန်အတွက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြဿနာသက်သက်သာမဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာနေပြီး၊ ယင်းက ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟု ဆိုသည်။
“ဒါဟာ အခုအခါမှာ ကိုယ်တိုင်ခံစားနေရတဲ့ စီးပွားရေးပြဿနာ (pocketbook issue) ဖြစ်နေပါပြီ” ဟု ၎င်းက ပြော သည်။ “ဒါဟာ ပြည်ပက စစ်ဆင်ရေးသက်သက် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ကမ်းခြေတွေနဲ့ ဝေးကွာတဲ့နေရာမှာ ဖြစ်ပျက်နေတဲ့ အရာတစ်ခုသက်သက် မဟုတ်တော့ပါဘူး”
‘ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော် ဂရုမစိုက်ဘူး’
ထရမ့်ကမူ မကြာသေးမီက စတော့ရှယ်ယာဈေးကွက် မြင့်တက်လာမှုများကို မကြာခဏ ထောက်ပြလျက် စစ်ပွဲ၏ စီးပွား ရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို ပယ်ချခဲ့သည်။
၎င်းက အီရန်တွင် မိမိ၏ ရည်မှန်းချက်များဖြစ်သော အီရန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရစေရေး (ယင်းကို နျူကလီးယားလက်နက်ရယူရန် ကြိုးပမ်းနေခြင်းမရှိကြောင်း တီဟီရန်က ငြင်းဆိုထားသည်) အောင်မြင်ရန်အတွက် စီးပွားရေး အကျပ်အတည်းများသည် သေးငယ် သော ပေးဆပ်မှုမျှသာဖြစ်သည်ဟုလည်း အကြောင်းပြခဲ့သည်။
ပြီးခဲ့သည့်လက ထရမ့်က ပြည်တွင်းမှ ဖိအားများသည် ၎င်း ၏ စစ်ပွဲအပေါ် ချဉ်းကပ်ပုံတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော် အမေရိကန်တွေရဲ့ ဘဏ္ဍာရေးအခြေအနေကို ထည့်မစဉ်းစားပါဘူး။ ဘယ်သူ့ကိုမှ မစဉ်းစားပါဘူး” ဟု ၎င်းက ဆိုသည်။ “ကျွန်တော် အချက်တစ်ချက်ကိုပဲ စဉ်းစားတယ်- အီရန်ကို နျူကလီးယားလက်နက် အပိုင်မခံနိုင်ဘူး။ ဒါပါပဲ။ ဒါဟာ ကျွန်တော့်ကို တွန်းအားပေးနေတဲ့ တစ်ခုတည်းသော အရာပဲ ဖြစ်ပါတယ်”
၎င်းက နိုဝင်ဘာလ ရွေးကောက်ပွဲသည်လည်း ၎င်း၏ အီရန်မဟာဗျူဟာအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ “ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော် ဂရုမစိုက်ဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောခဲ့သည်။ သို့သော် တဲလ်ဟာမီကမူ အီရန်နိုင်ငံသားများအနေဖြင့် မိမိအား စစ်ပွဲကို အဆုံး သတ်ရန် အသည်းအသန်ဖြစ်နေသည်ဟု မထင်မှတ်စေရန်နှင့် ၎င်း၏ ညှိနှိုင်းမှုအခြေအနေ လျော့ပါးမသွားစေရန်အတွက် ထရမ့်က ပြည်တွင်းရိုက်ခတ်မှုများအပေါ် ဂရုမစိုက်ဟန် ပြသရန် ကြိုးပမ်းနေခြင်းဖြစ် သည်ဟု ယုံကြည်သည်။
“သူက အကြောင်းပြချက်များစွာကြောင့် ဂရုစိုက်ပါတယ်၊ အဲဒီအထဲက တစ်ခုကတော့ အထူးသဖြင့် စီးပွားရေးပိုင်းမှာ သူချန်ထားရစ်မယ့် သမိုင်းမှတ်တမ်း (legacy) ကြောင့် ဖြစ်ပါတယ်” ဟု တဲလ်ဟာမီက Al Jazeera သို့ ပြောကြားခဲ့သည်။
၎င်းက ပင်လယ်ကွေ့အတွင်း ပိတ်ဆို့မှုများကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့်အတူ ဤစစ်ပွဲသည် အမေရိကန်အတွက် စီးပွားရေး ကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းကတစ်ဆင့် မဲပုံးအတွင်းရှိ ရီပတ်ဘလစ်ကန်ပါတီ၏ အခွင့်အလမ်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။
“ဒါဟာ ကြားဖြတ်ရွေးကောက်ပွဲအပေါ် သေချာပေါက် သက် ရောက်မှုရှိလာမှာ ဖြစ်ပြီး၊ အကယ်၍ ရီပတ်ဘလစ်ကန်တွေအနေနဲ့ အောက်လွှတ်တော်ရော အထက်လွှတ်တော်ပါ ရှုံးနိမ့်သွားခဲ့ရင်တော့ သူဟာ အလွန်ဆိုးရွားတဲ့ အခြေ အနေတစ်ခုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဘာတစ်ခုမှ အကောင် အထည်မဖော်နိုင်တော့ဘဲ ဖြစ်နိုင်ခြေအားဖြင့် စွပ်စွဲပြစ်တင်မှု (impeachment) နဲ့တောင် ရင် ဆိုင်ရနိုင်ပါတယ်” ဟု တဲလ်ဟာမီက ဆိုသည်။
အမေရိကန်ပြည်သူများ ဘဏ္ဍာရေးအရ ရုန်းကန်နေရချိန်တွင် ပြည်သူတို့၏ ဒုက္ခများကို ထရမ့်က ပယ်ချနေခြင်းမှာ ၎င်း ၏ ရပ်တည်ချက်ကို ပိုမိုထိခိုက်စေနိုင်သည်ဟု ဝေ ဖန်သူများက ဆိုကြသည်။
အမေရိကန်သမ္မတသည် အာရုံပြောင်းလွယ်ပုံလည်း ရသည်။ ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်မှ ပို့စ်များတွင် အကြောင်းအရာမျိုးစုံအပေါ် စိတ်ဝင်စားမှုကို ပြသနေသည်။ တစ်ချက်တွင် အီရန်နှင့် ဆွေးနွေးပွဲများအကြောင်း ပို့စ်တင်ပြီး၊ နောက်တစ်ချက်တွင်မူ ၎င်း၏ ပြိုင် ဘက်များကို တိုက်ခိုက်ခြင်း၊ မီဒီယာများကို ဝေဖန်ခြင်း သို့မဟုတ် အိမ်ဖြူတော်တွင် ကပွဲခန်းမ (ballroom) တစ်ခု ဆောက်လုပ်ရန် လိုအပ်ကြောင်း အလေးအနက် ပြောဆိုခြင်းမျိုး ဖြစ်သည်။
“ကျွန်တော်တို့မှာ စစ်ပွဲကာလ သမ္မတတစ်ဦး ရှိနေပေမယ့် သူဟာ စစ်သေနာပတိချုပ်တစ်ဦးရဲ့ တည်ကြည်လေး နက်မှုမျိုးနဲ့ ပြုမူနေထိုင်ခြင်း မရှိပါဘူး” ဟု ဂူယာက ပြောကြားခဲ့သည်။
ကြိုတင်ပြင်ဆင် ဆော်ဩမှု မရှိခြင်း
ပါမောက္ခ တဲလ်ဟာမီက စစ်ပွဲမစတင်မီ ကြိုတင်ပြင်ဆင်ချိန် အလွန်တိုတောင်းခဲ့သည့် အချက်ကိုလည်း ထောက်ပြခဲ့သည်။ ထရမ့်အစိုးရအဖွဲ့သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ခြင်းမပြုမီ၊ စစ်ပွဲဆင်နွှဲရန် အရေးတကြီး လိုအပ်နေကြောင်း အမေရိကန်ပြည်သူလူထုထံ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိသလို၊ ယင်းကိစ္စကို လွှတ်တော်သို့လည်း တင်ပြခဲ့ခြင်း မရှိပေ။
အမှန်စင်စစ် အစိုးရအဖွဲ့သည် အီရန်၏ နျူကလီးယားအစီ အစဉ် အနာဂတ်နှင့်ပတ်သက်၍ သွယ်ဝိုက်သောနည်းဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး၊ ဖေဖော်ဝါ ရီလ ၂၈ ရက် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင်လည်း နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။
“ဘယ်စစ်ပွဲမှာမဆို သမ္မတတွေဟာ များသောအားဖြင့် ပြည် သူလူထုကို ကြိုတင်ပြင်ဆင် ဆော်ဩလေ့ရှိကြပါတယ်” ဟု တဲလ်ဟာမီက ဆိုသည်။ “ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ စစ်ပွဲဖြစ်ရတဲ့ အကြောင်းပြချက် ခိုင်လုံအောင် ပြည်သူကို ကြိုတင်တည် ဆောက် စည်းရုံးဖို့ ကြိုးပမ်းမှုမျိုး လုံးဝမရှိခဲ့ပါဘူး”
ဆန့်ကျင်ဘက်အနေဖြင့် ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို မကျူးကျော်မီ၊ ထိုစဉ်က သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် (George W Bush) နှင့် ၎င်း၏ လက်ထောက်များသည် အီရတ်ထံမှ လာနိုင်သည်ဆိုသော ခြိမ်းခြောက်မှုများအကြောင်းကို ပြည်သူများအကြား လပေါင်းများစွာ ကြို တင်ဆော်ဩ ဝါဒဖြန့်ခဲ့ကြသည်။
“အဲဒီလို ကြိုတင်ဆော်ဩမှုတွေထဲမှာ စစ်ပွဲဖြစ်ရတဲ့ အကြောင်းပြချက်ကို တည်ဆောက်တာတွေ ပါဝင်ပါတယ်။ ဟုတ်ပါတယ်၊ အဲဒါဟာ လုပ်ကြံထားတဲ့ အကြောင်းပြချက်အမှား ဖြစ်ခဲ့ပေမယ့် သူတို့ကတော့ အကြောင်းပြချက်တစ်ခုကို တည် ဆောက်ခဲ့ကြတာပါပဲ။ ဒါကြောင့်လည်း ပြည်သူအများအပြားက ယုံကြည်လာခဲ့ကြတာဖြစ်ပါတယ်” ဟု တဲလ်ဟာမီက ပြောကြားခဲ့သည်။
ထို့ပြင် ပါမောက္ခက ထရမ့်သည် မိမိကိုယ်ကိုယ် “ငြိမ်း ချမ်းရေး” ကို လိုလားသော သမ္မတတစ်ဦးအဖြစ် ပုံဖော်လေ့ရှိပြီး၊ အရှေ့အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ယခင်က စစ်ရေးအရ ပါဝင်ပတ်သက်ခဲ့မှုများကို ပြင်းပြင်း ထန်ထန် ကန့် ကွက်ခဲ့သူဖြစ်ကြောင်း အလေးအနက် ထောက်ပြခဲ့သည်။
ထရမ့်အနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်ပွဲဝင်စဉ်က ပြည်ပစစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူဝါဒ (anti-interventionist stance) ကို ကိုင်စွဲခဲ့ခြင်းက ၎င်းအား သမ္မတအဖြစ် ရွေးကောက်ခံရစေရန် ကူညီပေးခဲ့ခြင်း ဖြစ်နိုင် သည်။ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် အမေရိကန်ပြည်သူများသည် စစ်ပွဲများအပေါ် ငြီး ငွေ့စိတ်ပျက်နေပြီဖြစ်ကြောင်း လူထုစစ် တမ်းများက ပြသခဲ့သည်။
ဂျိုနသန် ဂူယာအတွက်မူ ယင်းအချက်က အီရန်စစ်ပွဲအပေါ် လူထုမထောက်ခံခြင်းသည် စီးပွားရေးပြဿနာတစ်ခုတည်းကြောင့် မဟုတ်ကြောင်း ညွှန်ပြနေသည်။ ၎င်းက ဤပဋိပက္ခသည် အမေရိကန်ပြည်သူများ ဂရုစိုက်သည့် အခြားသောကိစ္စရပ်များနှင့် ဆက်စပ်နေသောကြောင့် မဲဆန္ဒရှင်များ၏ အဆုံးအဖြတ်ကို လွှမ်းမိုးနိုင်ကြောင်း ဆိုကာ၊ ယင်းကိစ္စရပ်များတွင် ဝါရှင်တန်နှင့် အစ္စရေးတို့၏ ဆက်ဆံရေးအပြင် ဒေါ်လာ ၁.၅ ထရီလီယံအထိ ထိုးတက်သွားတော့မည့် အမေရိကန်၏ စစ်အသုံးစရိတ် ကြီးထွားလာမှုတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
“အစ္စရေးအပေါ် လူထုမထောက်ခံမှု၊ အီရန်စစ်ပွဲအပေါ် လူထုမထောက်ခံမှုနဲ့ အမေရိကန်ရဲ့ စစ်ဝါဒထူထောင်ခြင်းအပေါ် လူထုမထောက်ခံမှု စတာတွေဟာ ပြည်သူတွေကြားထဲမှာ ပဲ့တင်ထပ် ရိုက်ခတ်မှု အလွန်ရှိနေပြီး၊ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန်ပြည်သူတွေအတွက် ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို တကယ်ပဲ ပြသနေပါတယ်” ဟု ၎င်းက Al Jazeera သို့ ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Ali Harb ၏100 days into the war on Iran, Trump fails to rally US support သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN