မဟာဗျူဟာမြောက် ခြေလှမ်း – တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသို့ သွားရောက်

(နိုင်ငံတကာ) ဇွန် ၇

     တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် ယနေ့ တနင်္ဂနွေနေ့တွင် ပြုံယမ်းမြို့သို့ သွားရောက်ခဲ့ရာ ယင်းခရီးစဉ်သည် ဒေသတွင်း အင် အားချိန်ခွင်လျှာပြောင်းလဲမှုများအကြား နိုင်ငံတကာအကဲခတ်များ၏ အထူးအာရုံစိုက်မှုကို ခံနေရသည်။

     ခေါင်းဆောင်နှစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်က ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြသော်လည်း၊ သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ပြုံယမ်းမြို့သို့ ကိုယ်တိုင်သွားရောက်ခြင်းမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဖြစ်သည်။

​ မကြာသေးမီနှစ်များအတွင်း ပြည်ပခရီးစဉ်များကို သိသိသာသာ လျှော့ချခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များကို ဘေဂျင်း၌သာ လက်ခံတွေ့ဆုံလေ့ရှိသည့် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ယခု ကဲ့သို့ ပြုံယမ်းသို့ ကိုယ်တိုင်သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် ဤခရီးစဉ်အပေါ် မဟာဗျူဟာမြောက် အလွန်အရေးပါမှု သတ်မှတ်ထားကြောင်း ပြသနေသည်။

     ယခင်က မြောက်ကိုရီးယား၏ ကုန်သွယ်မှု ၉၅ ရာခိုင် နှုန်းခန့်ကို တရုတ်နိုင်ငံက ထိန်းချုပ်ထားသဖြင့် ဘေဂျင်းသည် ဆက်ဆံရေးတွင် အဓိက “စီနီယာပါတနာ” အဖြစ် ရှိခဲ့သော်လည်း၊ ၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ်နောက် ပိုင်း ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် နီးကပ်လာခဲ့သည်။ မြောက်ကိုရီးယားသည် ရုရှားသို့ စစ်အင်အားနှင့် လက်နက်များ ထောက်ပံ့ပေးခဲ့ပြီး၊ တောင်ကိုရီးယား၏ ခန့်မှန်းချက်များအရ ရုရှားထံမှ အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံအထိ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

     ဘေဂျင်းအနေဖြင့် အဆိုပါငွေကြေးများမှတစ်ဆင့် မြောက်ကိုရီးယားထံသို့ ဂြိုဟ်တုဖြင့် မမြင်နိုင်သော “ထိလွယ်ရှလွယ် စစ်ရေးနည်းပညာများနှင့် တိကျသည့် အစိတ် အပိုင်းများ” ရောက်ရှိသွားမည်ကို စိုးရိမ်လျက်ရှိသည်။ မြောက်ကိုရီးယား စစ်ရေးအရ အလွန်အမင်း အင်အားတောင့်တင်းလာပြီး ရဲတင်းလာခြင်းသည် ကိုရီးယားကျွန်း ဆွယ်၏ လက်ရှိအင်အားချိန်ခွင်လျှာကို ပျက်ပြားစေနိုင်သဖြင့် တရုတ်နိုင်ငံက ယခုကဲ့သို့ ကြားဝင်ထိန်းညှိရန် ကြိုး ပမ်းလာခြင်း ဖြစ်သည်။

     မြောက်ကိုရီးယားသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ဒုံးကျည်ပစ်လွှတ်မှု ၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး မေလတွင် AI စနစ်သုံး ခရုစ်ဒုံးကျည်အသစ်ကို ထုတ်ပြခဲ့သည့်အပြင်၊ နျူက လီးယားစွမ်းရည် တိုးချဲ့ရန် စက်ရုံအသစ်များကိုပါ စစ်ဆေးပြသခဲ့သည်။

     တစ်ဖက်တွင်လည်း ပြီးခဲ့သည့်သီတင်းပတ်က စင်ကာပူ ရှန်ဂရီလာဆွေးနွေးပွဲတွင် ထွက်ပေါ်လာသည့် “တောင်ကိုရီးယား-ဂျပန် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး သဘောတူညီချက်” အလားအလာနှင့် ဂျပန်နိုင်ငံ၏ စစ်အင်အားတိုးချဲ့မှုများသည် တရုတ်နိုင်ငံအတွက် လုံခြုံရေးအရ သတိပြုစရာ ဖြစ် လာခဲ့သည်။

     ထို့ကြောင့် သမ္မတ ရှီကျင့်ဖျင်၏ ယခုခရီးစဉ်သည် အရှေ့အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ပြသရန်နှင့် ယခုနှစ်နှောင်းပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ကင်ဂျုံအန်း-ထရမ့် တွေ့ဆုံပွဲအကြို ညှိနှိုင်းမှုများအတွက် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်ထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN