
(နိုင်ငံတကာ)မေ ၂၉
သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ဒေသရှိ ပါလက်စတိုင်းပြည်သူများအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်ရန် အဓိကလှုံ့ဆော်၊ ရန်ပုံငွေပံ့ပိုးနေသည့် “အစွန်းရောက် အစ္စရေးအခြေချနေထိုင်သူများ” ၏ အဖွဲ့အစည်း ၄ ခုနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ဥရောပသမဂ္ဂ (EU) က တရားဝင် ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်သည်။
အီးယူ၏ ထုတ်ပြန်ချက်အရ အဆိုပါ အခြေချနေထိုင်သူများနှင့် အဖွဲ့အစည်းများသည် ပါလက်စတိုင်းပြည်သူ များ၏ ကာယပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ပုဂ္ဂိုလ်ရေးနှင့် မိသားစုဘဝပိုင်ဆိုင်ခွင့်၊ ကိုးကွယ်ယုံကြည်မှုနှင့် ပညာသင်ကြားခွင့်များကို ပြင်းထန်စွာ ချိုးဖောက်နေကြောင်း သိရသည်။
ပိတ်ဆို့အရေးယူခံရသည့်အဖွဲ့များတွင် ပါလက်စတိုင်း ပြည်သူများကို နေရပ်စွန့်ခွာအောင် အဓမ္မဖိအားပေးနေသည့် Nachala လှုပ်ရှားမှုအဖွဲ့၊ အနောက်ဘက်ကမ်းတစ်ခုလုံးကို အစ္စရေးက ထိန်းချုပ်နိုင်ရန် ပါလက်စတိုင်းပိုင်ဆိုင်မှုများနှင့် အီးယူရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော မူလတန်းကျောင်းတစ်ကျောင်းကို ဖျက်ဆီးရန် စည်းရုံးခဲ့သည့် Regavim အဖွဲ့၊ လက် နက်ကိုင်စေတနာ့ဝန်ထမ်းများကို စုဆောင်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် Hashomer Yosh အဖွဲ့နှင့် အကြမ်းဖက်အခြေချစခန်းပေါင်း ၃၀ ကျော်ကို ရန်ပုံငွေပံ့ပိုးပေးနေသည့် Amana သမဝါယမအသင်းတို့ ပါဝင်သည်။
ယခုပိတ်ဆို့အရေးယူမှုသည် ကြာမြင့်စွာကတည်းက အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့သော်လည်း ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန်၏ အစိုးရက ဗီတို အာ ဏာဖြင့် နှစ်ရှည်လများ ပိတ်ဆို့တားဆီးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက ဟန်ဂေရီတွင် ဝန်ကြီးချုပ်သစ် ပီတာ မာဂျာ တက်ရောက်လာပြီးနောက် ၎င်း၏ ဗီတိုအာဏာကို ပြန်လည်ရုပ်သိမ်းပေးခဲ့သဖြင့် ယခုလအစောပိုင်းတွင် အီးယူ၏ ပိတ်ဆို့အရေးယူမှု လမ်းပွင့်သွားခဲ့ခြင်း ဖြစ်သည်။
အစ္စရေးဘက်ကမူ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် ဂျူးလူမျိုးများအနေဖြင့် အခြေ ချနေထိုင်ခွင့်ရှိကြောင်း အခိုင်အမာဆိုကာ ယခုပိတ်ဆို့အရေးယူမှုများကို ယခင်ကတည်းက ရှုတ်ချထားခဲ့သော် လည်း၊ ယင်းမှာ နိုင်ငံ တကာဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်သည်။
ကုလသမဂ္ဂ (UN) ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အစ္စရေး၏ အခြေချနေထိုင်မှုတိုးချဲ့ခြင်းသည် စံချိန်တင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ဂါဇာစစ်ပွဲစတင်ကတည်းက အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် အခြေချသူများ၏ အကြမ်းဖက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုထပ်မံဖြည့်စွက်မှုကြောင့် အီးယူ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ပိတ်ဆို့အရေးယူမှုစနစ်အောက်တွင် အရေးယူခံထားရသူ ၁၃၆ ဦးနှင့် အဖွဲ့အစည်း ၄၁ ခု ရှိလာပြီဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN