လာအိုတွင် မိုးသည်းထန်၍ မြေပြိုကာ ဂူအတွင်း တစ်ပတ်ကျော် ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်

(နိုင်ငံတကာ)မေ ၂၈

    ​​​​လာအိုနိုင်ငံအလယ်ပိုင်းရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသော ဂူတစ်ခုအတွင်း တစ်ပတ်ထက်မနည်း ပိတ်မိနေခဲ့သည့် ရွာသားခုနစ်ဦးအနက် ငါးဦးကို လာအိုနှင့် ထိုင်းပူး ပေါင်းကယ်ဆယ်ရေးအဖွဲ့များက ဗုဒ္ဓဟူးနေ့တွင် အသက်ရှင်လျက် ဘေးကင်းလုံခြုံစွာ ပြန်လည်ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

     အဆိုပါ လာအိုနိုင်ငံသား ရွာသားခုနစ်ဦးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဆိုင်စမ်ဘွန်း (Xaisomboun) ပြည်နယ်ရှိ ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် မကြာမီမှာပင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ ဂူထွက် ပေါက် ပိတ်ဆို့သွားခဲ့သဖြင့် ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။

     ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့သည် တနင်္ဂနွေနေ့တွင် အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်ခဲ့သည်။ ယင်းအဖွဲ့တွင် ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေကြီးနေသောဂူတစ်ခုအတွင်းမှ တောဝက်ဘောလုံးအသင်းသား ကောင်လေး ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတို့ကို ကယ်ဆယ်ရာတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုစဉ်က ကယ်ဆယ်ရေးလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းမှ ရေငုပ်သမားများ ပါဝင်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

     ကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူး နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဂူအတွင်း ပိတ်မိနေသည့် ရွာသား ၅ ဦးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ပြုံးရွှင်ကာ အောင်ပွဲခံနေကြသဖြင့် ကျန်းမာရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သည့်အနေအထားတွင် ရှိကြောင်း သိရသည်။ လက် ရှိတွင် ပျောက်ဆုံးနေဆဲဖြစ်သည့် ကျန်ရှိသူ ရွာသားနှစ်ဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေလျက်ရှိသည်။

      ၎င်းတို့ ဂူအတွင်းသို့ အဘယ်ကြောင့် ဝင်ရောက်သွားခဲ့ကြသည်ကို တရားဝင် အတည်ပြုချက် မရှိသေးသော် လည်း၊ “Rescue Volunteer for People” အမည်ရှိ လာအိုအဖွဲ့အစည်းမှ ကယ်ဆယ်ရေးသမား ဘွန်ခမ်း လူအန်လတ် (Bounkham Luanglath)က အာဏာပိုင်များဘက်က ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် သတိ ပေးတားမြစ်ထားသည့်တိုင် အဆိုပါဂူသည် ဒေသခံပြည်သူများ ရွှေရှာဖွေရန်အတွက် မကြာခဏ သွားလာလေ့ရှိသည့်နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများအရ အဆိုပါ ဂူဝသို့ ရောက်ရှိရန် ၄ ကီလိုမီတာ (၂.၅ မိုင်) ခန့်ရှိသော မတ်စောက်သည့် လမ်းအတိုင်း တောင်တက်ခရီး နှင်ရကြောင်း သိရသည်။ ဂူဝသည်လည်း မတ်စောက်ပြီး ကျောက်ဆောင်ထူထပ်ကာ လူတစ်ဦးချင်းစီသာ မနည်းတိုးဝှေ့ တက်ရောက်နိုင်လောက်အောင် ကျဉ်းမြောင်းလှသဖြင့် ကယ်ဆယ်ရေးသမားများအတွက် များစွာခက်ခဲခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN