
(နိုင်ငံတကာ)မေ ၁၇
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် အသစ်တဖန် ကူးစက်ပျံ့နှံ့လာသော အီဘိုလာ (Ebola) ရောဂါပိုးကြောင့် လက်ရှိအချိန်အထိ အနည်း ဆုံး လူ ၈၀ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။ ကျန်းမာ ရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကာ ကွယ်ဆေးနှင့် သီးခြားကုသဆေးမရှိဘဲ သေဆုံးနိုင် ခြေနှုန်း အလွန်မြင့်မားသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားမည့်အရေး အထူးစိုးရိမ်ပူပန်လျက်ရှိသည်။
ယခုဖြစ်ပွားမှုသည် ကွန်ဂိုနိုင်ငံ၏ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ကူးစက်မှုဖြစ်ပြီး ယူဂန်ဒါနှင့် တောင်ဆူဒန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့ မြောက်ပိုင်း အီတူရီ(Ituri)ပြည်နယ်တွင် အဓိကဖြစ် ပွားနေခြင်း ဖြစ်သည်။ သောကြာနေ့အထိ သံသယရှိသူ သေဆုံးသူ ၆၅ ဦး ရှိခဲ့ရာမှ စနေနေ့တွင် ၈၀ ဦးအထိ ထိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ကွန်ဂိုကျန်းမာရေးဝန်ကြီး ဆင်မြူရယ်-ရော်ဂျာ ကမ်ဘာ (Samuel-Roger Kamba)က “အခု ကူးစက်နေတဲ့ ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်မျိုးကွဲဟာ ကာကွယ် ဆေးလည်းမရှိသလို၊ သီးခြားကုသစရာ ဆေးဝါးလည်း မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်မျိုးကွဲဟာ သေဆုံးနိုင်ခြေနှုန်း (Lethality rate) အလွန်မြင့်မားပြီး ကူးစက်ခံရရင် ၅၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပါတယ်” ဟု စနေနေ့တွင် သတိ ပေး ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ပြည်နယ်မြို့တော် ဘူနီယာ (Bunia)ရှိ ကျန်းမာရေးဌာနတစ်ခုသို့ အီဘိုလာရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သည့် သူနာပြုတစ်ဦးမှာ ပထမဆုံး စတင်ကူးစက်ခံရသူ (Patient Zero) ဟု သံသယရှိရသူ ဖြစ်သည်။ လက်ရှိတွင် ရောဂါသံသယရှိသူ ၂၅၀ နီးပါးကို မှတ်တမ်းတင်ထားရပြီး အမျိုးသားဇီဝဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့က သွေးနမူနာများကို စစ်ဆေးရာတွင် ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးကွဲပိုး တွေ့ရှိကြောင်း အတည်ပြုထား သည်။
ယခုအခါ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာကြောင့် သေဆုံးသူ ၁ ဦး စတင်တွေ့ရှိထားသဖြင့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန (Africa CDC)က အထူးစိုးရိမ်ပူပန်နေသည်။ ရောဂါဖြစ်ပွားရာ အီတူရီပြည်နယ်ရှိ မြို့များသည် လူဦးရေသိပ်သည်းဆ မြင့်မားသည့်အပြင် ယူဂန်ဒါ၊ တောင်ဆူဒန်တို့နှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ နယ်စပ်ဖြတ်ကျော် သွားလာမှုပမာဏ မြင့်မားခြင်းတို့ကြောင့် ရောဂါပိုး လျင်မြန်စွာ ကူးစက်ပြန့်ပွားသွားနိုင်သည်ဟု သတိပေးထားသည်။
ပြင်သစ်အတိုကောက်အမည် MSF ဟု လူသိများသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (IFRC) တို့ကဲ့သို့ ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း ယခုရောဂါကူးစက်မှုကို တုံ့ပြန်ရန် ကွင်းဆင်းဆောင် ရွက်နေကြပြီ ဖြစ်သည်။ MSF ၏ အရေးပေါ်အစီ အစဉ်မန်နေဂျာ ထရစ်ရှ် နယူးပို့တ်က “ဒီလောက်တို တောင်းတဲ့ အချိန်အတွင်းမှာ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဇုန်အများအပြားဆီ ပျံ့နှံ့သွားတာ၊ အခုဆိုရင် နယ်စပ်ကိုပါ ဖြတ်ကျော် သွားတာတွေက အလွန်ပဲ စိုးရိမ်စရာကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ကုသမှုမခံယူပါက ရောဂါပိုးကူးစက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်သည်။ ဇိုင်ယာ (Zaire) ကဲ့သို့သော မျိုးကွဲများအတွက် ကာကွယ်ဆေးရှိသော်လည်း၊ ၂၀၀၆ ခုနှစ်တွင်မှ စတင်တွေ့ရှိခဲ့သည့် ယခု ဘွန်ဒီဘူဂျိုမျိုးကွဲအတွက်မူ ကာကွယ်ဆေးမရှိသေးရာ ကူးစက်မှုကို လမ်း ခုလတ်တွင် တားဆီးနိုင်ရေးအတွက် လူထုအတွင်း ယုံကြည်မှုတည်ဆောက်ကာ စောစီးစွာ ဆေးကုသမှုခံယူကြရန် ကျန်းမာရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
#EbolaOutbreak2026 #DRCNews #BundibugyoStrain #EbolaVirus #AfricaCDC #PositiveAngleNews #BreakingNews #GlobalHealth⚠️
Telegram»…
https://t.me/positiveanglenews
#PAN