ချောင်းဆုံမြို့နယ်တွင် ကျောင်းအပ်လက်ခံရေး ကြိုတင်ပြင်ဆင်မှုများ ကွင်းဆင်းစစ်ဆေး

(ပညာရေး) မေ ၁၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် မေလ (၂၅) ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မေလ (၁၆) ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်နှင့် သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများက ချောင်းဆုံ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။တာဝန်ရှိသူများသည် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းအပ်လက်ခံနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုပြီးနောက် ချောင်းဆုံ အထက်တန်းကျောင်းတွင် ပြုလုပ်လျက်ရှိသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပို့ချမှုများကိုလည်း ကြည့်ရှုကာ လိုအပ်သည့်အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း (၁၁၁) ကျောင်းရှိပြီး ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃၅၂၉) ဦးခန့်ကို မေလ (၂၅) ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။