
(နိုင်ငံတကာ)မေ ၈
ဘရာဇီးသမ္မတ လူဝီ အီနာစီယို လူလာ ဒါဆေးလ်ဗားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး တင်းမာနေသော နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးအခွန်(Tariffs) အသစ်များ ချမှတ်မည့်အရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် သုံးနာရီကြာ တွေ့ဆုံမှုတွင် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် အရေးကြီးသတ္တုတွင်းထွက်ပစ္စည်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။ သမ္မတထရန့်က လူလာကို “အလွန်တက်ကြွသူ” ဟု ချီးကျူးခဲ့ပြီး ဆွေးနွေးမှုများမှာ များစွာအဆင်ပြေချောမွေ့ခဲ့ကြောင်း Truth Social တွင် ရေးသားခဲ့သည်။
သမ္မတလူလာကလည်း ဤတွေ့ဆုံမှုအပေါ် “အလွန် အမင်း ကျေနပ်မိသည်” ဟု ဆိုကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘရာဇီးအစိုးရသည် ထရန့်၏ အခွန်မူဝါဒများကြောင့် စိုးရိမ်နေရခြင်းဖြစ်သည်။ ယမန်နှစ်က ထရန့်သည် ဘရာဇီးထုတ်ကုန်များအပေါ် ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အမေရိကန်ပြည်တွင်း ကုန်စျေးနှုန်းကို ထိန်းညှိရန် အမဲသားနှင့် ကော်ဖီအပါအဝင် ကုန်စည်အချို့ကို အခွန်ပြန်လျှော့ပေးခဲ့သည်။ သို့သော် လာမည့်ဇူလိုင် လတွင် သက်တမ်းကုန်ဆုံးမည့် အပို ၁၀ ရာခိုင်နှုန်းအခွန်နှင့် အခြားကုန်သွယ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကြောင့် အခွန်အသစ်များ ထပ်မံတိုးလာမည်ကို ဘရာဇီးဘက်က စိုးရိမ်နေခြင်းဖြစ်သည်။
ဤတွေ့ဆုံမှုသည် အတွေးအခေါ်ပိုင်းအရ ကွဲပြားသော် လည်း လူထုထောက်ခံမှု အခိုင်အမာရရှိထားသည့် ခေါင်း ဆောင်နှစ်ဦးကို ဆုံတွေ့စေခဲ့ခြင်းဖြစ် သည်။ သမ္မတထရန့်သည် ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုဘက်မှ ရပ်တည်ခဲ့ဖူးသဖြင့် ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်ခဲ့သော်လည်း ယခုအခါ လက် တွေ့ကျသော ကုန်သွယ်ရေးကိစ္စရပ်များကြောင့် ပြန်လည်ညှိနှိုင်းလာခြင်းဖြစ်သည်။ သမ္မတလူလာအနေဖြင့် ပြည်တွင်းလွှတ်တော်အတွင်း၌လည်း အခက်အခဲအချို့ ကြုံတွေ့နေရချိန်တွင် ယခု အမေရိကန်ခရီးစဉ်မှာ ၎င်းအတွက် နိုင်ငံတကာဆက်ဆံရေးအရ အရေးပါသော အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။
#Brazil #Lula #Trump #USA #TradeTariff #WhiteHouse #InternationalTrade #BreakingNews #PositiveAngleNews #GlobalEconomy
Telegram»…
https://t.me/positiveanglenews
#PAN