
(နိုင်ငံတကာ)မေ ၈
အမေရိကန်တပ်ဖွဲ့ဝင်များက အီရန်ပိုင်နက်ရေပြင်အတွင်းရှိ ရေနံတင်သင်္ဘောတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ရေတပ်သင်္ဘောများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်က ပြောကြားလိုက်သည်။ ယင်းဖြစ်ရပ်သည် ဝါရှင်တန်နှင့် တီဟီရန်အကြား ရရှိထားသော ထိလွယ်ရှလွယ်သည့် အပစ်ရပ်စဲရေးအပေါ် ပိုမိုတင်းမာလာစေသည့် ကြီးမားသော အခြေအနေမြင့်တက်မှုတစ်ခု ဖြစ်သည်။
အမေရိကန်သည် ဒေသတွင်းနိုင်ငံအချို့နှင့် ပူး ပေါင်းကာ ကွတ်ရှ်မ်ကျွန်း (Qeshm Island) အပါ အဝင် အရပ်ဘက်နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြင့် အပစ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း အီရန်၏ Khatam al-Anbiya ဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထပ် လောင်းပြောကြားခဲ့သည်။
“ကျူးကျော်သူ၊ အကြမ်းဖက်သမားနဲ့ ဓားပြဂိုဏ်းလိုဖြစ်နေတဲ့ အမေရိကန်စစ်တပ်ဟာ အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး အီရန်ရေနံတင်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ အီရန်၏ ပြန်လည်တုံ့ပြန်မှုကြောင့် အမေရိကန်သင်္ဘောများ “ကြီး မားသော ပျက်စီးဆုံးရှုံးမှု” ရှိခဲ့ကြောင်းလည်း အီရန်ဘက်က ဆိုသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ၎င်းတို့အနေဖြင့် ဘဲလစ်စတစ်ဒုံးကျည်များ၊ သင်္ဘောဖျက်ခရုစ်ဒုံးကျည်များနှင့် ဖောက်ခွဲရေးအားပြင်းသော ဒရုန်းများကို အသုံးပြုကာ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်စစ်တပ်၏ အလယ်ပိုင်းစစ် ဌာနချုပ် (CENTCOM) ကမူ အီရန်၏ ရန်စသောတိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး “မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် တိုက်ခိုက်မှု” ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ဆိုသည်။ “အမေရိကန်ပိုင်ဆိုင်မှု တစ်စုံတစ်ရာ ထိမှန်ခြင်းမရှိပါဘူး” ဟု CENTCOM က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် အခြေအနေကို ပိုမိုဆိုးရွားအောင် မလုပ်ဆောင်လိုသော်လည်း အမေရိကန်တပ်ဖွဲ့ဝင်များကို ကာကွယ်ရန် အသင့်ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဤတိုက်ပွဲများသည် အမေရိကန်က အီရန်ဆိပ် ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအပေါ် အီရန် ဘက်က ပထမဆုံးအကြိမ် စစ်ရေးအရ တုံ့ပြန်မှုဖြစ်သည်။ ပြီးခဲ့သည့်အပတ်များအတွင်း အမေရိကန်စစ်တပ်သည် အီရန်သင်္ဘောအချို့ကို သိမ်းဆည်းခဲ့ပြီး ဒါဇင်နှင့်ချီသော သင်္ဘောများကို လှည့်ပြန်ရန် အမိန့်ပေးခဲ့သည်။
ဤရေတပ်ပိတ်ဆို့မှုသည် ပြီးခဲ့သည့်လက အပစ်ရပ်စဲရေး စတင်ကတည်းက သမ္မတထရန့်၏ အီရန်အပေါ် ဖိအားပေးမှုဗျူဟာတွင် အဓိကကျသော အခန်းကဏ္ဍဖြစ်လာခဲ့သည်။ အီရန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ ကွတ်ရှ်မ်ကျွန်း၊ ဘန်ဒါအာဘတ်စ် (Bandar Abbas) နှင့် မီနပ်ဘ် (Minab) ဆိပ်ကမ်းမြို့တို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း သိရသည်။
အီရန်၏ တာ့စ်နင်း (Tasnim) သတင်းဌာနကမူ အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောသုံးစင်းသည် အီရန် ၏ ပစ်ခတ်မှုကြောင့် အိုမန်ပင်လယ်ကွေ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုကဲ့သို့သော ထိတွေ့တိုက်ခိုက်မှုများသည် ဝါရှင်တန်နှင့် တီဟီရန်တို့ စစ်ပွဲအဆုံးသတ်ရန် အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
#Iran #USA #CENTCOM #HormuzStrait #NavalBattle #Trump #BreakingNews #PositiveAngleNews #MiddleEastWar #WorldNews
Telegram»…
https://t.me/positiveanglenews
#PAN