
(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၇
တနင်္လာနေ့နံနက်ပိုင်းတွင် အမေရိကန်ရေတပ်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောများကို စတင်အကာအကွယ်ပေးခဲ့သော်လည်း အင်္ဂါ နေ့မွန်းလွဲပိုင်းတွင် အဆိုပါစစ်ဆင်ရေးကို ပြန်လည်ရပ်နားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်က ပါကစ္စတန်နှင့် အခြားနိုင်ငံများ၏ “တောင်းဆိုချက်” အရလည်း ကောင်း၊ အီရန်နှင့် “ပြီးပြည့်စုံသော နောက်ဆုံးသဘော တူညီချက်” ရရှိရန် “ကြီးမားသော တိုးတက်မှုများ” ရှိနေခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ ဆုံးဖြတ် ချက်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း Truth Social တွင် ကြေညာခဲ့သည်။
အစောပိုင်း အင်္ဂါနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် “Operation Epic Fury” (လေကြောင်းနှင့် ရေ ကြောင်းစစ်ဆင်ရေး) ပြီးဆုံးပြီဖြစ်ကြောင်း ကြေ ညာခဲ့သည်။ ဝါရှင်တန်အနေဖြင့် ယခုအခါ “နောင်လာမည့် ဆွေးနွေးပွဲများအတွက် နားလည်မှုစာချွန်လွှာ (MoU)” တစ်ရပ်ကိုသာ ရှာဖွေနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအချက်မှာ အီရန်ဘက်က အပတ်ပေါင်းများစွာ တောင်းဆိုနေခဲ့သည့် အချက်ပင် ဖြစ်သည်။ ပါကစ္စတန်မှတစ်ဆင့် အမေရိကန်ထံ ပေးပို့သော အဆိုပြုချက်များတွင် အီရန်သည် အဆင့်ဆင့်ဆွေးနွေးသည့်စနစ်ကို အလိုရှိနေပြီး၊ ကနဦးသဘောတူညီချက်မှာ စစ်ပွဲကိုအဆုံးသတ်ရန် ဖြစ်ကာ နျူကလီးယားအစီအစဉ် ရပ်တန့်ရေးဆိုင်ရာ ဝါရှင်တန်၏ တောင်း ဆိုချက်များကိုမူ နောက်ပိုင်းမှသာ ဆွေးနွေးရန် အီရန်က အလိုရှိနေခြင်းဖြစ်သည်။
ထရန့်နှင့် ၎င်း၏အစိုးရအဖွဲ့သည် ယခင်က အီရန် ၏ နျူကလီးယားအစီအစဉ် စွန့်လွှတ်ရေးမှာ မည်သည့်သဘောတူညီချက်တွင်မဆို ဗဟိုချက်ဖြစ်ရမည်ဟု အခိုင် အမာဆိုကာ ငြင်းဆန်ခဲ့ဖူးသည်။ သို့သော် ယခုအခါ အမေရိကန်သည် အီရန်၏ တောင်းဆိုချက်ကို လိုက်လျောရန် လက်ခံလိုက်ပုံရသည်ဟု ကျွမ်း ကျင်သူများက ဆိုကြသည်။ ဗုဒ္ဓဟူးနေ့တွင် Reuters သတင်းဌာနနှင့် Axios သတင်းဝက်ဘ်ဆိုက်တို့က အမေရိကန်နှင့် အီရန်တို့သည် နျူကလီးယားကိစ္စအတွက် အသေးစိတ်ဆွေးနွေးမှုများ မရှိသေးသော် လည်း စစ်ပွဲကိုအဆုံးသတ်ရန် တစ်မျက်နှာတည်းရှိသော နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
တီဟီရန်အခြေစိုက် နိုင်ငံတကာဆက်ဆံရေးလေ့ လာသူ ဆယက် မိုဂ်ျတာဘာ ဂျာလာဇာဒေး က ယခုအပတ်အတွင်း ထွက်ပေါ်လာသည့် သံတမန်ရေးရာ အချက်ပြမှုများသည် လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်မည့် အခြေအနေအပေါ် ဝါရှင်တန်က ပြန်လည်သုံးသပ်လိုက်ခြင်းကို ထင် ဟပ်နေကြောင်း ပြောကြားခဲ့သည်။ “အနာဂတ်ဆွေးနွေးပွဲတွေအတွက် မူဘောင်တစ်ခုဖြစ်တဲ့ နားလည်မှုစာချွန်လွှာဆီ ဦး တည်လာတာဟာ လက်ရှိပြဿနာကို ဖြေရှင်းဖို့အတွက် ကောင်းမွန်ပြီး လက်တွေ့ကျတဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
ပျက်ပြားတော့မည့် အပစ်ရပ်ရေးအကြား အပြောင်း အလဲများ
အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနေသော ပါကစ္စတန်အရာ ရှိများက အစ္စလာမ်မာဘတ်၏ အခန်းကဏ္ဍမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာပြီး နှစ်ဖက်စလုံး၏ အဆင့်မြင့်အရာရှိများနှင့် တိုက်ရိုက်ဆက်သွယ်မှုများ ရှိနေကြောင်း အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က ဟော်မုဇ်ရေလက်ကြားရှိ စစ်ဆင်ရေးကို ရပ်နားရန် ထရန့်၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ရာ၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် သည်လည်း အမေရိကန်သမ္မတအား စစ်ဆင်ရေးရပ်နားရန် တိုက်တွန်းခဲ့သူတစ်ဦးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိအရှိန်အဟုန်သည် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်း တည် ငြိမ်အေးချမ်းစေမည့် ရေရှည်သဘောတူညီချက်တစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ရှရစ်ဖ်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီခန့်ကမူ ယင်းကဲ့သို့သော အကောင်းမြင်မှုမျိုးမှာ မဖြစ်နိုင်သလောက် ရှိခဲ့သည်။ စနေ၊ တနင်္ဂနွေနေ့ကတည်းက အမေရိကန်နှင့် အီရန်အကြား မခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြားမည့် အခြေ အနေတွင် ရှိနေခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယူအေအီး (UAE) သို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက် ခိုက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး၊ ယင်းမှာ ဧပြီ ၈ ရက် အပစ်ရပ်ရေးနောက် ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်သည်။ ဖူဂျိုင်ရာရှိ ရေနံစက်ရုံတစ်ခု ထိမှန်ခဲ့ပြီး အိန္ဒိယအလုပ်သမား သုံးဦး ဒဏ်ရာရခဲ့သော် လည်း အီရန်ဘက်က ယင်းဖြစ်စဉ်တွင် ပါဝင်ပတ် သက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ အမေရိကန်နှင့် အီရန်တို့သည် တစ်ဖက်၏ သင်္ဘောများကို တစ် ဖက်က ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်ဟု အပြန် အလှန် ဆိုနေကြသော်လည်း နှစ်ဖက်စလုံးကပင် ငြင်းဆိုထားကြသည်။
သို့သော်လည်း ဝါရှင်တန်ဘက်က တင်းမာမှုကို ပိုမိုမြင့်တက်စေရန် မလုပ်ဆောင်ခဲ့ပေ။ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း က အဆိုပါဖြစ်စဉ်များသည် စစ်ဆင်ရေးကြီးများ ပြန် လည်စတင်ရန် လိုအပ်သည့်အဆင့်ထိ မရောက်ရှိသေးကြောင်း ပြောကြားခဲ့သလို၊ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ်ကလည်း အပစ်အခတ်ရပ်စဲရေးမှာ “ခိုင်မြဲနေဆဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်အလျှော့ပေးလိုက်ပြီလား
အဓိကမေးခွန်းမှာ အမေရိကန်သည် အီရန်၏ အဓိ ကတောင်းဆိုချက်ဖြစ်သော “စစ်ပွဲကိုအဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားအရေးကို အရင်ဖြေရှင်းပြီးမှ နျူကလီး ယားအစီအစဉ်ကို နောက်မှဆွေးနွေးရန်” ဆိုသည့်အချက်ကို သွယ်ဝိုက်သောနည်းဖြင့် လက်ခံလိုက်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ အင်္ဂါနေ့က ပြုလုပ်ခဲ့သော ရူဘီယို၏ ရှင်းလင်း ချက်အရ ဝါရှင်တန်၏ ကနဦးရပ်တည်ချက်မှ သိသာထင် ရှားစွာ သွေဖည်သွားကြောင်း တွေ့ရသည်။

စစ်ပွဲအစတွင် အမေရိကန်က ရည်မှန်းချက် (၄) ရပ်ကို ချမှတ်ခဲ့သည် – အီရန်၏ ပဲ့ထိန်းဒုံးကျည်စွမ်းဆောင်ရည်များကို ဖျက်ဆီးရန်၊ ၎င်း၏ရေတပ်ကို ဖြိုခွင်းရန်၊လက် နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များအား ထောက်ပံ့နေမှုကို ဖြတ်တောက်ရန်နှင့် အီရန်အနေဖြင့် နျူကလီးယားလက် နက် ဘယ်သောအခါမှ မပိုင်ဆိုင်စေရန်တို့ ဖြစ်သည်။
မတ်လနှောင်းပိုင်းတွင် ပါကစ္စတန်မှတစ်ဆင့် တီဟီရန်သို့ ပေးပို့ခဲ့သည့် အချက် (၁၅) ချက်ပါ အဆိုပြုချက်မှာ ယင်းထက်ပင် ပိုမိုပြင်းထန်ခဲ့သည်။ ၎င်းတွင် နာတန့်ဇ် (Natanz)၊ အစ္စဖာဟန် (Isfahan) နှင့် ဖိုဒေါ (Fordow) ရှိ နျူကလီးယားစက်ရုံများကို ဖျက်သိမ်းရန်၊ သန့်စင်ပြီး ယူရေနီယံများကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ထံ လွှဲပြောင်းပေးရန်နှင့် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို ထာဝရပိတ်ပင်ရန်တို့ ပါဝင်သည်။
ယခုအခါ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော စစ်ရေးဆိုင်ရာအဆင့် ပြီးဆုံးပြီဖြစ်ကြောင်း ရူဘီယိုက ကြေ ညာခဲ့သည်။ နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို “ဖြေရှင်းရမည်” ဖြစ်ပြီး “ဆွေးနွေးပွဲများတွင် ထည့် သွင်းဖြေရှင်းနေသည်” ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်ပြောရန် ငြင်းဆိုခဲ့သည်။ ဝါရှင်တန်အနေ ဖြင့် ယခုရှာဖွေနေသည်မှာ “ဆွေးနွေးရန် သဘောတူထားသည့် အကြောင်းအရာများ” နှင့် “ကနဦးတွင် နှစ်ဖက်စလုံးက လိုက်လျောပေးနိုင်မည့်အချက်များ” ကို သတ်မှတ်မည့် နားလည်မှုစာချွန်လွှာ (MoU) သို့မဟုတ် မူဘောင်တစ်ရပ်သာ ဖြစ်သည်။
ဤအချက်မှာ မတ်လက အခြေအနေနှင့်စာလျှင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်သည်။ ဧပြီလ အစောပိုင်းတွင် ထရန့်က အီရန်အနေဖြင့် အလျှော့မပေးပါက “ယနေ့ညတွင် ယဉ်ကျေးမှုတစ်ရပ်လုံး ပျက်စီးသွားလိမ့်မည်” ဟု သတိပေးခဲ့သော်လည်း၊ ယခုအပတ်တွင်မူ သဘောတူညီချက်ကို “အချောသတ် လက်မှတ်ရေးထိုးရန်” တိုက်တွန်းလာခဲ့သည်။
ရူဘီယိုကလည်း စစ်ဆင်ရေး၏ ရလဒ်များနှင့် ပတ် သက်၍ ပြန်လည်သုံးသပ်ချက်အသစ်တစ်ခုကို တင်ပြခဲ့ရာတွင် အီရန်က ၎င်း၏နျူကလီးယားအစီအစဉ်ကို ဖုံးကွယ်ရန် အသုံးပြုထားသည့် “ရိုးရိုးလက်နက် အကာအကွယ်” (Conventional shield)ကို ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
ယင်းကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မြေအောက်တွင် မြှုပ်နှံထားဆဲဖြစ်သည့် သန့်စင်ပြီး ယူရေနီယံများအရေးကို ရှောင်ကွင်းသွားခြင်းဖြစ်ပြီး စစ်ပွဲ၏ ရည်ရွယ်ချက်ကို ထိရောက်စွာ ပြန်လည်သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။ ဤအပြောင်းအလဲကို တီဟီရန်ဘက်ကလည်း သတိပြုမိပါသည်။ တနင်္ဂနွေနေ့က ထရန့်သည် ပိတ်မိနေသော သင်္ဘောများကို အကာ အကွယ်ပေးမည့် “Project Freedom” ကို စတင်လိုက်သည့်အခါ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ချီက “နိုင်ငံရေးအကျပ် အတည်းအတွက် စစ်ရေးအရ ဖြေရှင်းချက်မရှိဘူး” ဟု X ပေါ်တွင် တုံ့ပြန်ခဲ့ပြီး ၎င်းကို “Project Deadlock” (ရှေ့မတိုးသာ နောက်မဆုတ်သာ စီမံချက်) ဟု ခေါ်ဆိုခဲ့သည်။ နာရီပေါင်း ၄၈ နာရီအတွင်းမှာပင် ယင်းစစ်ဆင်ရေးမှာ ရပ်နားသွားခဲ့ရသည်။
ဂျာလာဇာဒေးက ဤသို့နောက်ပြန်လှည့်လာခြင်းမှာ ဝါရှင်တန်ဘက်က လက်ခံရန် နှောင့်နှေးနေခဲ့သည့် လက်တွေ့ဘဝကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း ဆို သည်။ “အပြန် အလှန် ဟန့်တားနိုင်မှု အခြေအနေဟာ လက်ရှိမှာ အီရန်ဘက်ကို အသာစီးရနေပြီး၊ ဒီအမှန်တရားကို ဝါရှင်တန်က တဖြည်းဖြည်း သဘောပေါက်လာတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
King’s College London မှ လုံခြုံရေးဆိုင်ရာ ပါမောက္ခ အန်ဒရီးယပ်စ် ခရိဂ် ကမူ ဤအပြောင်း အလဲကို အကန့်အသတ်ရှိသော်လည်း အဓိပ္ပာယ်ပြည့်ဝသော လိုက် လျောမှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ “စစ်ပွဲ၊ ဟော်မုဇ်ရေလက်ကြားနဲ့ နျူကလီးယားအရေးတွေကို တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ဆိုတာ လက်ရှိမှာ မဖြစ်နိုင်ဘူးဆိုတာကို ဝါရှင်တန်က လက်ခံလိုက်တာပါ။ သံတမန်ရေးအရဆိုရင် ဒါဟာ တီဟီရန်အတွက် အလျှော့ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ခဲ့သည်။
ကျန်ရှိနေသေးသည့် ကွာဟချက်များ
အီရန်၏ ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိဘဲ အစဉ် တစိုက် ခိုင်မာလျက်ရှိသည်။ ဧပြီလ ၃၀ ရက်နေ့တွင် အီရန်က ပါကစ္စတန်မှတစ်ဆင့် ဝါရှင်တန်သို့ အချက် ၁၄ ချက်ပါ အဆိုပြုချက်တစ်ရပ် ပေးပို့ခဲ့ပြီးနောက် (ယင်းအဆိုပြုချက်မှာ မျှော်လင့်ထားသည်ထက် “ပိုကောင်း” ကြောင်း ထရန့်က မှတ်ချက်ပြုခဲ့သည်)၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီက အဆင့်လိုက်လုပ် ဆောင်မည့် အစီအစဉ်ကို ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“ဒီအဆင့်မှာ ကျွန်တော်တို့ နျူကလီးယားဆိုင်ရာ ဆွေး နွေးမှုတွေ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ အဆိုပါ အဆိုပြုချက်တွင် ရက်ပေါင်း ၃၀ အတွင်း စစ်ပွဲကို အဆုံး သတ်ရန်၊ အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရုပ်သိမ်းရန်၊ သိမ်းဆည်းထားသော အီရန်ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်၊ စစ်လျော် ကြေးပေးရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားရန်နှင့် ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲမည့် ယန္တရားအသစ်တစ်ခု တည်ထောင်ရန်တို့ ပါဝင်သည်။ နျူက လီးယား ဆွေးနွေးပွဲများကိုမူ နောက်ဆုတ်ထားသည်။
အီရန်သည် အမေရိကန်၏ တုံ့ပြန်ချက်ကို ပါကစ္စတန်မှတစ်ဆင့် တနင်္ဂနွေနေ့တွင် လက်ခံရရှိခဲ့သော်လည်း မည်သည့်ဘက်ကမျှ အသေးစိတ်အချက်အလက်များကို ထုတ် ဖော်ခြင်းမရှိပေ။
သိသာထင်ရှားသည့် ကွာဟချက်များမှာ ကျန်ရှိနေဆဲဖြစ်သည်။ ဝါရှင်တန်၏ “ရေလက်ကြားကို ဖွင့်လှစ်ခြင်း” ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တီဟီရန်နှင့် ကွဲပြားနေကြောင်း ရူဘီယိုက ရှင်းလင်းစွာ ပြောကြားခဲ့သည်။ “အီရန်နဲ့ ညှိနှိုင်းရမယ်၊ ဟော်မုဇ်ရေလက် ကြားကို ဖြတ်ဖို့ သူတို့ကို လမ်းခွန်ပေးရမယ်ဆိုတဲ့ အခြေအနေမျိုးကို ပုံမှန်အခြေ အနေတစ်ခုအဖြစ် ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ သို့သော် အီရန်၏ အဆိုပြုချက်တွင်မူ “ရေလက်ကြားကို စီမံခန့်ခွဲမည့် ယန္တရားအသစ်” ဟု ဖော်ပြထားရာ၊ ယင်းစကားလုံးမှာ ဝါရှင်တန်က လက်မခံနိုင်သည့် အစီအစဉ်မျိုး ဖြစ်လာနိုင်ခြေရှိသည်။
ဂျာလာဇာဒေးက ဟော်မုဇ်ရေလက်ကြားအရေးမှာ နှစ်ဖက်အကြားသာမက အီရန်ပြည်တွင်း၌ပင် အဖြေမထွက်သေးသည့် အကြီးမားဆုံး ပြဿနာဖြစ်နေကြောင်း ဆို သည်။ “ဘယ်ဘက်ကမှ ကောင်းမွန်တဲ့ ကမ်းလှမ်းချက် မပေးနိုင်သေးပါဘူး၊ ဘာလို့လဲဆိုတော့ အီရန်လူမျိုးတွေကိုယ်တိုင်ကလည်း ဒီရေလက် ကြားကို ဘယ်လိုပုံစံနဲ့ စီမံချင်သလဲဆိုတာ သေသေ ချာချာ မသိသေးလို့ပါပဲ” ဟု ၎င်းက သုံးသပ်သည်။
သံတမန်ရေးရာ အချိန်ဇယား
သို့သော်လည်း ယခုအခါ အချိန်သတ်မှတ်ချက် (Deadline) အချို့မှာ တိုက်ဆိုင်နေပြီး ယင်းတို့မှာ မည်သည့်နှောင့်နှေးမှုကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။ နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီသည် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းသို့ရောက်ရှိကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလ စစ်ပွဲစတင်ပြီး နောက် ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် ဖြစ်သည်။ အီရန်နိုင်ငံ ပိုင် ISNA သတင်းဌာန၏ ဖော်ပြချက်အရ တီဟီရန်အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးရာတွင် “တရားမျှတပြီး ဘက်စုံလွှမ်းခြုံသည့် သဘောတူညီချက်” ကိုသာ လက်ခံမည်ဟု ၎င်းက ဆိုသည်။

ဤခရီးစဉ်သည် မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်မည့် ထရန့်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေး နွေးပွဲမတိုင်မီ ၈ ရက်အလိုတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်အရာရှိများသည် ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ရန် အီရန်ကို ဖိအားပေးပေးဖို့ တရုတ်နိုင်ငံကို ပွင့်ပွင့်လင်းလင်း တိုက်တွန်းထား သည်။
သို့သော် တရုတ်အနေဖြင့် အီရန်အပေါ် ဖိအားပေးရန်မှာ ဝါရှင်တန်နှင့် ၎င်းတို့ကြားရှိ တင်းမာမှုများကြောင့် အကန့် အသတ်ရှိနေသည်ဟု လေ့လာသူများက ဆိုကြသည်။ ပြီးခဲ့သည့်အပတ်က တရုတ်စီးပွား ရေးဝန်ကြီးဌာနသည် အီရန်ရေနံစိမ်းဝယ်ယူနေသည့် တရုတ်ရေနံချက်စက်ရုံ ၅ ခုအပေါ် ချမှတ်ထားသော အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လျစ်လျူရှုရန် ပြည်တွင်းကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများကလည်း အခြားတစ်ဖက်မှ ဖိအားပေးနေသည်။ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ လက်ရှိစစ်ရေးတင်းမာမှုအပေါ် စိုးရိမ်ကြောင်းနှင့် ပါကစ္စတန်၏ စေ့စပ်ညှိနှိုင်းမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ရီယာဒ် (Riyadh)က ဟော်မုဇ်ရေလက်ကြားကို ဖေဖော်ဝါ ရီ ၂၈ ရက် မတိုင်မီ အခြေအနေအတိုင်း ပြန်လည်ထားရှိရန်နှင့် သင်္ဘောများကို မည်သည့်ကန့်သတ်ချက်မျှမထားဘဲ ဘေးကင်းစွာ ဖြတ်သန်းခွင့်ပေးရန် တောင်းဆိုထားသည်။ ယင်းမှာ ဝါရှင်တန်၏ ရပ်တည်ချက်နှင့် တူညီနေပြီး အီရန် ၏ “စီမံခန့်ခွဲမှုယန္တရားအသစ်” ဆိုသည့် အချက်နှင့် ဆန့် ကျင်ဘက် ဖြစ်နေသည်။
ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ရှိနေစဉ် အာရက်ဂ်ချီ သည် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်လ် ဘင် ဖာဟန် အယ်လ် ဆော့ဒ် (Faisal bin Farhan Al Saud) နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း အီရန်သတင်းဌာန IRNA က ဖော်ပြသည်။ နှစ်ဖက်စလုံးက နောက်ဆုံးရ ဒေသတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး တင်းမာမှုများ ပိုမိုမြင့်တက်မလာစေရန် သံတမန်ရေးရာနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားရန် အလေးပေးပြောကြားခဲ့သည်။
ထို့ပြင် မေလ ၂၅ ရက်ဝန်းကျင်တွင် စတင်မည့် ဟာ့ဂ်ျ (Hajj) ဘုရားဖူးရာသီမှာလည်း အကန့်အသတ်တစ်ခု ဖြစ်လာသည်။ အီရန်ဘုရားဖူးများအပါအဝင် အစ္စလာမ်ဘာသာဝင် ၁.၈ သန်းခန့် မက္ကာမြို့သို့ စုရုံးရောက်ရှိကြမည်ဖြစ်ရာ ထိုကာလအတွင်း တင်းမာမှုများ ဖြစ်ပွားပါက အားလုံးအတွက် နိုင်ငံရေးအရ အဖိုးအခ အလွန်ကြီးမားမည်ဖြစ်သည်။
လေ့လာသူ ခရိဂ်က ယခုကဲ့သို့ အချိန်သတ်မှတ်ချက်များ တိုက်ဆိုင်နေခြင်းကြောင့် သဘောတူညီချက်တစ်ရပ် ရရှိရန် အလားအလာ ပိုများလာသော် လည်း ယင်းမှာ အလုံးစုံပြီးပြည့်စုံသည့် သဘောတူညီချက်မျိုး ဖြစ်လာရန်မူ ခက်ခဲလိမ့်မည်ဟု ဆိုသည်။ “အချိန်ဇယားတွေကြောင့် အကန့်အသတ်နဲ့ သဘောတူညီမှု (Limited deal) ရဖို့ အခွင့်အလမ်းများလာပေမယ့်၊ ကြီးမားတဲ့ သဘောတူညီချက် (Grand agreement) ရဖို့ အခွင့်အလမ်းကိုတော့ နည်းသွားစေပါတယ်” ဟု ၎င်းက သုံးသပ်ခဲ့သည်။
(Al Jazeera သတင်းဌာနမှ Abid Hussain ၏ Has the US accepted Iran’s demand to settle Hormuz first, nuclear later? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#US #Iran #HormuzStrait #Diplomacy #BreakingNews #Trump #PositiveAngleNews #MiddleEastConflict
Telegram»…
https://t.me/positiveanglenews
#PAN