
(ပြည်တွင်း) မေ ၄
Miss Grand Myanmar Organization က ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး တာချီလိတ်ကိုယ်စားပြု အလှမယ်တစ်ဦးကို ပြိုင်ပွဲစည်းကမ်းချိုးဖောက်မှုကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် Miss Grand Myanmar ပြိုင်ပွဲကြီးကို ကျင်းပရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများနှင့် ကိုးကွယ်ရာဘာသာတရားများအားလုံးကို လေးစားသည့်စိတ်ဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။
အလားတူ Arrival Day သင်္ကြန် Theme အစီအစဉ်ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များအား မြန်မာ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော၊ ကိုးကွယ်ရာဘာသာတရားအပေါ် အကြည်အညိုမဲ့စေသော အစီအစဉ်များ မပြုလုပ်ရန် ကြိုတင်ညွှန်ကြားထားကြောင်းလည်း ဆိုသည်။
ယမန်နေ့ကျင်းပခဲ့သည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် Full Rehearsal ကို မေလ ၃ ရက်နှင့် မေလ ၄ ရက် ညနေ ၃ နာရီတွင် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ သီလရှင်ဝတ်စုံဖြင့် ပါဝင်သရုပ်ဆောင်သည့် အစီအစဉ်ကို မည်သည့်အချိန်တွင်မဆို ကြိုတင်တင်ပြထားခြင်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် Supervisor နှင့် Admin တာဝန်ရှိသူများထံ ကြိုတင်အသိပေးခြင်းမရှိခြင်း၊ စာချုပ်ပါစည်းကမ်းများကို ချိုးဖောက်ခြင်း၊ မြန်မာပြည်၏ လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာအပေါ် မလေးစားသည့်သဘောသက်ရောက်ခြင်း စသည့်အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်အပေါ် အဖွဲ့အစည်းအနေဖြင့် ဝမ်းနည်းကြောင်းနှင့် နောက်နောင်တွင် ယင်းကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် သေချာစွာ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။