အီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

(ပြည်တွင်း) မေ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးသည် ၂၀၂၆ ခုနှစ် မေ ၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးခင်မောင်လတ်တို့နှင့်အတူ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ၏ ထိန်းသိမ်းထားရှိမှုနှင့် ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးဆောင်ရွက်နေမှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် နည်းပညာကျွမ်းကျင်သူများက မဲပေးစက်များကို စစ်ဆေးထိန်းသိမ်းနေမှု၊ စစ်ဆေးတွေ့ရှိချက်များနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထိုသို့ စစ်ဆေးကြည့်ရှုစဉ် ဥက္ကဋ္ဌက အီလက်ထရောနစ်မဲပေးစက်များသည် အရေးကြီးသော ထိန်းချုပ်ပစ္စည်းများဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုမရှိစေရေး အထူးဂရုစိုက် ထားသိုထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စစ်ဆေးထိန်းသိမ်းမှုလုပ်ငန်းများကို သတ်မှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ရန်၊ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ထားသိုရန်၊ ဘက်ထရီများကိုလည်း သီးခြားစနစ်တကျ ထားသိုထိန်းသိမ်းရန်နှင့် လုံခြုံရေးအစီအမံများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အပြင် စစ်ဆေးပြီးစီးမှုအခြေအနေများကို ကော်မရှင်သို့ ပုံမှန်တင်ပြရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးမှုများကို အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။