
(ပြည်တွင်း) မေ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးနှင့် ပြည်သူများ၏ နေအိမ်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လမ်းနှင့်တံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ကျေးရွာများတွင် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ စက်စက်ယိုချောင်း ကွန်ကရစ်လိုင်နင် တည်ဆောက်ခြင်းလုပ်ငန်းအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်က ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် စက်စက်ယိုချောင်းဒေသသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လက်တွေ့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တောင်တွင်းကြီးမြို့အဝင် စက်စက်ယိုချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို ရေဦးကျွန်းတောတံတားအထက်ဘက် အလျားပေ (၃၀၀၀)၊ အုန်းတောရေလွှဲဆည်အထက် အလျားပေ (၁၀၀၀၀)နှင့် အောက်ဖက် အလျားပေ (၁၂၀၀၀) အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ထိပ်ဝအကျယ် ပေ (၆၀)၊ အောက်ခြေအကျယ် ပေ (၄၀)၊ အမြင့် (၁၀) ပေရှိ စက်စက်ယိုချောင်း ကွန်ကရစ်လိုင်နင်တည်ဆောက်ခြင်းလုပ်ငန်းကို အလျားပေ (၁၅၅၀) အထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ဆက်လက်ဆောင်ရွက်ရန် အလျားပေ (၈၅၀၀) ကျန်ရှိနေသေးကြောင်း တင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ဝန်ကြီးချုပ် ဦးတင်ကိုကိုက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လက်တွေ့ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အကြံပြုညွှန်ကြားချက်များ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။