တရုတ်နိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ၂၆ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရ

(နိုင်ငံတကာ)မေ ၅

    ​​ တရုတ်နိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံတစ်ရုံနှင့် ပတ်ဝန်းကျင်ဧရိယာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးကာ ၆၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေးလိုက်သည်ဟု သိရပါသည်။

    ဟူနန်ပြည်နယ်အလယ်ပိုင်း၊ လူဦးရေ ၁.၅ သန်းနေ ထိုင်သော လျိုယန် (Liuyang) မြို့ရှိ Huasheng မီးရှူးမီးပန်းစက်ရုံတွင် တနင်္လာနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သင်္ဂါနေ့တွင် သမ္မတရှီက ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

     “တာဝန်ရှိသူတွေကို အရေးယူရမှာဖြစ်ပြီး ပျောက် ဆုံးနေသူတွေကိုလည်း အစွမ်းကုန် ရှာဖွေကြဖို့” သမ္မတရှီက တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

     အဆိုပါဖြစ်စဉ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၈:၄၀ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စက်ရုံရှိ ဂို ဒေါင်များတွင် ထပ်မံပေါက်ကွဲမှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကြောင့် ဒေသန္တရအစိုးရသည် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၄၈၂ ဦးကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ခဲ့ပြီး အနီးနားပတ်ဝန်းကျင်ရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဆိုသည်။

     ကယ်ဆယ်ရေးလုပ်ငန်းများကို အင်္ဂါနေ့အထိ ဆက် လက်ဆောင်ရွက်နေဆဲဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာနှင့် ပျောက်ဆုံးနေသူ အရေအတွက်ကို အတိအကျ မသိရသေးပေ။

     People’s Daily သတင်းစာက လူမှုကွန်ရက်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အရ ပေါက်ကွဲမှုကြောင့် မြို့ကွက်အချို့ရှိ အဆောက်အအုံများစွာမှာ ဆိုးရွားစွာ ပျက်စီးသွားသည်ကို တွေ့ရသည်။ အဆိုပါကုမ္ပဏီ၏ တာဝန်ခံကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားဖွယ်ရှိကြောင်း ဗီဒီယိုစာသားများအရ သိရသည်။

သမ္မတရှီနှင့် ဝန်ကြီးချုပ် လီချန်းတို့က ဤဖြစ်စဉ်အပြီးတွင် လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ကြရန် တောင်းဆိုခဲ့ကြသည်။

    လျိုယန်မြို့သည် တရုတ်နိုင်ငံ၏ မီးရှူးမီးပန်း ပြည် ပတင်ပို့မှု ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် မြို့ဖြစ်ပြီး ပြည်တွင်းစျေးကွက်၏ ၆၀ ရာခိုင်နှုန်းကိုလည်း လွှမ်းမိုးထားကြောင်း China Daily သတင်းတွင် ဖော်ပြသည်။

     အဆိုပါမြို့၌ နောက်ဆုံးဖြစ်ပွားခဲ့သော အကြီးစားစက်ရုံပေါက်ကွဲမှုမှာ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး လူ ၁၃ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က ဒေသန္တရအာဏာပိုင်များသည် ထိခိုက်သေဆုံးမှု အခြေ အနေကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ပြီး ၇ ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည် နယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုအရ အရေအတွက်မှာ ပိုမိုများပြားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆင်ဟွာက ဆိုသည်။

​#PositiveAngleNews #ChinaNews #EmergencyUpdate #LiuyangExplosion

Telegram»…
https://t.me/positiveanglenews

#PAN