အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ခရီးသွားသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဟု သံသယရှိသည့်ဖြစ်စဉ်ကြောင့် ၃ ဦးသေဆုံး

(နိုင်ငံတကာ)မေ ၄

     ​​အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခုတ်မောင်းနေသည့် ခရီးသွားသင်္ဘောတစ်စင်းပေါ်တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး၊ ၎င်းတို့အနက် အနည်းဆုံး တစ်ဦးမှာ ရောဂါပိုးရှိသော ကိုက်ဖြတ်သတ္တဝါများမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ရှားပါးရောဂါဖြစ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။

    လက်ရှိတွင် ကျန်းမာရေးအာဏာပိုင်များသည် အာဂျင်တီးနားနိုင်ငံ၊ အူရှူအာအီယာ (Ushuaia) မြို့မှ ကိပ်ဗာဒီ(Cape Verde) ကျွန်းစုသို့ ခုတ်မောင်းနေသည့် MV Hondius အမည်ရှိ သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုရှိမရှိကို စုံစမ်းစစ်ဆေးနေသည်။

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ လူတစ်ဦးတွင် ဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ၅ ဦးမှာလည်း ကူးစက်ခံရသည်ဟု သံသယရှိကြောင်း သိရသည်။

     “ရောဂါလက္ခဏာပြတဲ့ လူ ၆ ဦးအနက် ၃ ဦး သေ ဆုံးသွားခဲ့ပြီး တစ်ဦးကတော့ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေပါတယ်” ဟု WHO က ဆိုသည်။ ထို့ပြင် ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် ကပ်ရောဂါဗေဒဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အသေးစိတ်လုပ်ဆောင်နေပြီး ရောဂါလက္ခဏာရှိသည့် အခြားခရီးသည် ၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် နိုင်ငံများအကြား ပူးပေါင်းညှိနှိုင်းပေးနေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

     ဟန်တာဗိုင်းရပ်စ်သည် ရောဂါပိုးရှိသော ကြွက် သို့မဟုတ် ရှူးပျံကဲ့သို့ ကိုက်ဖြတ်သတ္တဝါများ၏ မစင် သို့မဟုတ် ဆီးတို့မှတစ်ဆင့် လူသို့ကူးစက်ခြင်းဖြစ်ပြီး၊ ပြင်းထန်ပါက သွေးလွန်တုပ်ကွေးကဲ့သို့ အဖျားရောဂါ ဖြစ်စေနိုင်ကာ အသက်အန္တရာယ်ရှိနိုင်သည်။

​     တောင်အာဖရိက အမျိုးသားကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖော်စတာ မိုဟာလီ (Foster Mohale)၏ ပြောကြားချက်အရ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတွင် ရောဂါလက္ခဏာများ ဦးစွာစတင်ပြသခဲ့ပြီး သင်္ဘောပေါ်တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်း၏ရုပ်အလောင်းကို အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ဗြိတိန်ပိုင် နယ်မြေဖြစ်သော စိန့်ဟယ်လီနာ(Saint Helena) ကျွန်းတွင် ထိန်းသိမ်းထားရှိသည်။ ​အဆိုပါအမျိုးသား၏ အသက် ၆၉ နှစ်အရွယ် ဇနီးဖြစ်သူမှာလည်း ရောဂါ ကူးစက်ခံခဲ့ရပြီး တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ ဆေးရုံသို့ ရွှေ့ပြောင်းကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

     သေဆုံးသူများ၏ နိုင်ငံသားဖြစ်မှုကို အာဏာပိုင်များက အတည်မပြုသေးသော်လည်း၊ လက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် အထူးကြပ်မတ်ကုသခံနေရသူမှာ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ် ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

​#Hantavirus #AtlanticCruise #MVHondius #PublicHealth #WHO #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN