(ဒေသဖွံ့ဖြိုးရေး) မေ ၁၃
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၇-၂၀၂၈ မှ စတင်၍ နောင်လာမည့် (၄)နှစ်တာကာလအတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့ စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထက်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် စည်ပင်အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် အင်ဂျင်နီယာမှူး ဦးခင်မောင်မြင့်တို့က ငွေလုံးငွေရင်းလုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းအသေးစိတ်အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

#PAN