ပဲခူးတိုင်း လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်

(ပြည်တွင်း) မေ ၁၃

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်များသည် နိုင်ငံ၏ မူဝါဒနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ရာတွင် အရေးပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိနိုင်သည့် အချက်အလက်များအပေါ် အခြေခံ၍ မူဝါဒနှင့် စီမံကိန်းများ ရေးဆွဲနိုင်ရေးနှင့် တိုင်းဒေသကြီးအစီရင်ခံစာမှ ထုတ်ဖော်ရရှိသည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ မိုးလုံလေလုံအားကစားခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric အချက်အလက် ကောက်ယူခြင်း၊ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN