(စိုက်ပျိုးရေး) မေ ၁၃
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်အရ ကရင်ပြည်နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်သော ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးအပ်ပွဲကို မေ ၁၃ ရက် နံနက် ၁၀ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ချေးငွေများကို တောင်သူတစ်ဦးချင်း လက်ဝယ်သို့ မှန်ကန်စွာရောက်ရှိစေရန် ထုတ်ပေးစေလိုကြောင်းနှင့် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချပြီး သီးနှံထွက်ချိန်တွင် အပြည့်အဝ ပြန်လည်ပေးဆပ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်မန်နေဂျာက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံ တိုးမြှင့်ထုတ်ချေးပေးခဲ့ကြသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ၏ ငွေကြေးအခက်အခဲများ လျော့နည်းစေရန် ယခင်ထက် နှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးချေးငွေကို ကျပ် ၄၀၆၃၅ သိန်းအထိ တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်သည်။
ယနေ့တွင် ဘားအံခရိုင်ဘဏ်ခွဲမှ ဘားအံမြို့နယ်ရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၁၆၀ ဦး၏ စိုက်ဧက ၉၂၃ ဧကအတွက် စုစုပေါင်း ကျပ် ၂၇၆၉ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) ကို ခုတင် ၃၀၀ အဆင့်သို့ မြှင့်တင်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ဆေးရုံအုပ်ကြီးက ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ထမ်းအင်အားနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ဌာနတွင် ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

#PAN