နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်

(ပြည်တွင်း) မေ ၁၃

ယနေ့ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် မြန်မာ့ဓာတ်အားစနစ်အတွင်း ချို့ယွင်းမှု (System Breakdown) ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အသိပေးချက်အရ ဓာတ်အားစနစ်အတွင်း ချို့ယွင်းမှုကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိခဲ့ပြီး ဓာတ်အား ပြန်လည်ရရှိလာပါက ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အချို့နေရာများတွင်သာ လျှပ်စစ်ဓာတ်အား ရရှိနေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် Gas Turbine များကို သီးခြားမောင်းနှင်ကာ ဆေးရုံကြီးများတွင် လျှပ်စစ်ဓာတ်အားရရှိစေရန် ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးခဲ့သည်။

ထို့နောက် မွန်းလွဲ ၅ နာရီ ၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ယင်း System Breakdown ဖြစ်ပေါ်ရခြင်းမှာ မိုးရွာသွန်းမှုကြောင့် လျှပ်စစ်ဝန်အားသုံးစွဲမှု လျော့နည်းလာခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း သိရသည်။

#PAN