
(နိုင်ငံတကာ)ဧပြီ ၃၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်အသစ် မရရှိမချင်း အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို လုံးဝရုပ်သိမ်းပေးမည်မဟုတ်ကြောင်း အတိ အလင်း ပြောကြားလိုက်သည်။ တစ်ဖက်တွင်လည်း အီရန်အစိုးရက ယင်းပိတ်ဆို့မှုကို “လက်တွေ့ကျပြီး မကြုံစဖူးသည့် အရေးယူမှု” ဖြင့် တုံ့ပြန်သွားမည်ဟု သတိပေးလိုက်သောကြောင့် ပင်လယ်ရေကြောင်း တင်းမာမှုမှာ မြင့်တက်နေဆဲ ဖြစ်သည်။
သမ္မတထရန့်က ၎င်း၏ ရေတပ်ပိတ်ဆို့မှု မဟာ ဗျူဟာကို ကာကွယ်ပြောဆိုရာတွင် “ဒီပိတ်ဆို့မှုဟာ ဗုံးကြဲတာထက်တောင် ပိုပြီးထိရောက်မှုရှိနေတယ်။ သူတို့ (အီရန်)ဟာ ဝက်တစ်ကောင် အစာနင်နေသလိုမျိုး အသက်ရှူကျပ်နေကြပြီ” ဟု ပြင်းထန်သော စကားလုံးများဖြင့် သုံးနှုန်းခဲ့သည်။ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရန်နှင့် အပြန်အလှန်အားဖြင့် ဆိပ်ကမ်းပိတ်ဆို့မှု ရုပ်သိမ်းပေးရန် ကမ်းလှမ်းခဲ့သော်လည်း ထရန့်က ယင်းကို ပယ်ချခဲ့ပုံရသည်။
ဤအပြန်အလှန် ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ရေနံစျေးကွက်တွင် ရိုက်ခတ်မှုများရှိနေပြီး ဗုဒ္ဓဟူးနေ့တွင် ဘရန့်(Brent) ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ၁၁၉ ဒေါ်လာအထိ ထိုးတက်သွားခဲ့သည်။ အမေရိကန်ပြည်တွင်း၌လည်း ဓာတ်ဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စွမ်းအင်ဆိုင်ရာ ငွေကြေးဖောင်းပွမှု ဒဏ်ကို ပြည်သူများ ခံစားနေရသည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်သည် စီးပွား ရေးဖိအားဖြင့် အီရန်ကို ပြည်တွင်းမှ ပြိုလဲအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်လုံခြုံရေး သတင်းရင်းမြစ်များက အမေရိကန်၏ ပိတ်ဆို့မှုကို မကြာမီ လက်တွေ့ကျကျ တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
ဗုဒ္ဓဟူးနေ့တွင် သမ္မတထရန့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်။ ရုရှားဘက်က အီရန်နျူကလီးယား ပြဿနာကို ဖြေရှင်းရန် အဆိုပြုချက်အချို့ တင်ပြထားပြီး အီရန်၊ ပင်လယ် ကွေ့နိုင်ငံများ၊ အစ္စရေးနှင့် အမေရိကန်တို့နှင့် ဆက် လက်ချိတ်ဆက်သွားမည်ဟု ကရင်မလင်က ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး၊ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရှိ စာသင်ကျောင်းများ၊ ယဉ်ကျေးမှုနေရာများနှင့် ဆေးရုံများကဲ့သို့သော အရပ်သားနေရာများကို တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပြင်းထန်စွာ ရှုတ်ချအရေးယူရန် တောင်းဆိုခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
#Trump #IranBlockade #HormuzStrait #OilPrices #Geopolitics #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN