အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၃၀

၂၀၂၆ ခုနှစ် မေ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလှူဒါန်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲကို လူနာများအတွက် လိုအပ်သည့် သွေးများကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး သွေးတိုးရောဂါရှိသူများ၊ နာတာရှည်လူနာများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင် မီးဖွားချိန်တွင် လိုအပ်သည့် သွေးများကို ပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ရှားပါးသွေးအုပ်စုများကိုလည်း လိုအပ်သည့်အချိန်တွင် ရရှိနိုင်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး လူ့အသက်များစွာကို ကယ်တင်နိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းစုစုပေါင်း ၇၂ ဦးက ပါဝင်သွေးလှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သွေးလှူရှင်ဝန်ထမ်းများအား ဆေးဝါးနှင့် အာဟာရပစ္စည်းများ ပေးအပ်ကာ လှူဒါန်းမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်ရှိ တာဝန်ရှိသူများထံသို့ အလှူငွေ ကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံဘက်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။