
(စီးပွားရေး) ဧပြီ ၂၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး ယာယီတာဝန်ခံ Mr. Yordying Supasri နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပို့ကုန်ရငွေများကို မြန်မာကျပ်ငွေသို့ လဲလှယ်ရာတွင် တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည့် မူဝါဒကို ကြိုဆိုကြောင်းနှင့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ပိုမိုတိုးချဲ့လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ ဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြန်လည်ရှင်းလင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်မှု ရရှိစေရန်၊ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်၊ ငွေကြေးဖောင်းပွမှု လျော့ကျစေရန်နှင့် ငွေပေးချေမှုစနစ်များ ခိုင်မာတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေကို ကုန်သွယ်ရေးသာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင်ပါ အသုံးပြု ဆောင်ရွက်နိုင်ကြောင်းနှင့် ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ထိုင်းနိုင်ငံဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအကြီးအကဲများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။