
(နိုင်ငံတကာ)ဧပြီ ၂၉
အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဘုရင် ချားလ်စ် (၃) သည် အင်္ဂါနေ့တွင် အမေရိကန်လွှတ်တော်၌ သမိုင်း ဝင်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊ နေတိုးမဟာမိတ်အဖွဲ့၏ ညီညွတ်မှုကို ကာကွယ်ရန်နှင့် ရုရှား၏ ကျူး ကျော်မှုကို ခံနေရသော ယူကရိန်းအား ဆက်လက်ထောက်ခံအားပေးရန် အလေးအနက် တိုက်တွန်းခဲ့သည်။
ဘုရင်ကြီးသည် ၎င်း၏မိန့်ခွန်းကို ပေါ့ပေါ့ပါးပါး ဟာသများဖြင့် စတင်ခဲ့ပြီး အမေရိကန်၏ ပထမဆုံးသမ္မတ ဂျော့ချ်ဝါရှင်တန်နှင့် ၎င်း၏ဘိုးဘေးဖြစ်သူ ဗြိတိန်ဘုရင် ဂျော့ချ်တို့ကို ရည်ညွှန်းကာ ဝါရှင်တန်ဒီစီသည် “ဂျော့ချ်နှစ်ဦး၏ ပုံပြင်” ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ယခုလာရောက်ခြင်းမှာ လွတ်လပ်ရေးစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် လာခြင်းမဟုတ်ကြောင်း အရွှန်းဖောက်ပြောဆိုခဲ့ရာ လွှတ်တော်အမတ်များ၏ ရယ်မောသံများနှင့် မတ်တတ်ရပ် ဂုဏ်ပြုလက်ခုပ်တီးမှုများကို ရရှိခဲ့သည်။
ဟာသများအပြီးတွင် ဘုရင်ကြီးသည် လေးနက်သော နိုင်ငံရေးသတင်းစကားများကို ပါးနပ်စွာ ထည့် သွင်းပြောကြားခဲ့သည်။ အထူးသဖြင့် ရီပတ်ဘလစ်ကန်များ ထိန်းချုပ်ထားသော အမေရိကန်လွှတ်တော်အတွင်း အငြင်းပွားဖွယ်ဖြစ်နေသည့် ယူကရိန်းအတွက် ရန်ပုံငွေထောက်ပံ့ရေးကိစ္စကို ရည်ညွှန်းကာ “ယူကရိန်းနိုင်ငံနဲ့ အလွန်သတ္တိပြောင်မြောက်တဲ့ ၎င်းရဲ့ပြည်သူတွေကို ကာကွယ်ဖို့အတွက် ခိုင်မာတဲ့စိတ်ဓာတ်မျိုး လိုအပ်နေပါတယ်” ဟု တိုက်တွန်းခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့အပေါ် သမ္မတထရန့်၏ ဝေဖန်မှုများရှိနေချိန်တွင် ဘုရင်ကြီးက နေတိုး၏ စုပေါင်းကာကွယ်ရေးမူဝါဒသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။
ချားလ်စ်ဘုရင်သည် အမေရိကန်နှင့် ဗြိတိန်တို့၏ ဘုံတန်ဖိုးများဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် လွတ် လပ်သော တရားစီရင်ရေးတို့ကို ချီးကျူးခဲ့သည်။ အထူးသဖြင့် ၁၃ ရာစုက မဂ္ဂနာကာတာ (Magna Carta) စာချုပ်ကို ကိုးကား၍ “အုပ်ချုပ်ရေးအာဏာသည် ဥပဒေ၏ ထိန်းကျောင်းမှုအောက်တွင် ရှိရမည်” ဟူသော အချက်ကို အလေးပေးပြောကြားခဲ့ရာ၊ ယင်းမှာ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာအပေါ် သွယ်ဝိုက်သော သတိပေးချက်တစ်ခုအဖြစ် လေ့လာ သူများက ရှုမြင်နေကြသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးဖြစ်သူ ဘုရင်ကြီးသည် သမ္မတထရန့်၏ ရာသီဥတုမူဝါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်သော သဘာဝတရား ၏ စီးပွားရေးစနစ်ကို လျစ်လျူရှုမိပါက အန္တရာယ်ရှိနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
#KingCharlesIII #USCongress #NATO #UkraineSupport #SpecialRelationship #MagnaCarta #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN